ကွန်ပျူတာသုံးမြန်မာစာစနစ် (ပြည်ထောင်စုဖောင့်နှင့်ကီးဘုတ်) စတင်အသုံးပြုနိုင်ရေး နည်းပညာရှင်းလင်းပွဲကျင်းပ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂) နေပြည်တော် တွင် ယနေ့ ၁၃:၀၀ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည့် ကွန်ပျူတာသုံးမြန်မာစာစနစ် (ပြည်ထောင်စုဖောင့်နှင့်ကီးဘုတ်) စတင် အသုံးပြုနိုင်ရေး နည်းပညာရှင်းလင်းပွဲသို့ e-Government ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးတက်ရောက်ခဲ့ပါသည်။

နည်းပညာရှင်းလင်းပွဲတွင် e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ခေတ္တညွှန်ကြား ရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ International Standard Organisation (ISO) 10646 နှင့် မြန်မာနိုင်ငံစံစနစ်ဖြစ်သည့် MMS ISO/IEC 10646:2017 ကိုလိုက်နာရေးသားထားသော ကွန်ပျူတာသုံးမြန်မာစာစနစ်ဖြစ်သည့်  ပြည်ထောင်စုဖောင့်နှင့်ကီးဘုတ် ဖြင့် ရုံးစာရေးသားခြင်း၊ Website များတွင်အသုံးပြုခြင်း၊ Application များနှင့် Database များ စသည်တို့တွင် တပြေးညီ သုံးစွဲသွားနိုင်ရန်အတွက် e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ စံသတ်မှတ်ရေးဆပ်ကော်မတီမှ ဒေါက်တာထွန်းသူရသက်က နည်းပညာဆိုင်ရာ ကိစ္စရပ်များနှင့် အမှန်တကယ်ပြောင်းလဲသုံးစွဲရာတွင် တွေ့ရှိလာနိုင်သည့် အခက်အခဲများနှင့်စပ်လျဉ်း၍ ဖြေရှင်းပေးနိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူ များမှသိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

ကွန်ပျူတာသုံးမြန်မာစာစနစ် ပြည်ထောင်စုဖောင့်သည် မြန်မာစာရေးထုံးများကိုလိုက်နာထားပြီး၊ မြန်မာစကားအပြင် တိုင်းရင်းသားဘာသာစကားများကိုပါရေးသားနိုင်ကြောင်း၊ ဘာသာစကားတစ်ခုမှ တစ်ခုသို့ဘာသာပြန်ဆိုရာတွင် အသုံးပြုနိုင်ကြောင်း သိရှိရပါသည်။

နည်းပညာရှင်းလင်းပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အစိုးရအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ Chief Information Officer (CIO) များနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူများ၊ ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။