ကုန်သေတ္တာတင်သင်္ဘောများဝင်ရောက်မှုနှင့် ပို့ကုန်ကုန်သေတ္တာလိုအပ်ချက်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

ရန်ကုန် ဧပြီ ၂၂

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများနှင့် ကုန်စည်စီးဆင်းမှုများ အဆင် ပြေချောမွေ့စေရေးအတွက် ကုန်သေတ္တာတင်သင်္ဘောများ ပိုမိုဝင်ရောက်နိုင်ရန်နှင့် ပို့ကုန်အတွက် ကုန်သေတ္တာလိုအပ်ချက်များ ဖြေရှင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို  ယနေ့ မွန်းလွှဲ ၁ နာရီတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာနှင့် ဌာနမှူးများ၊ ကုန်သေတ္တာ ဆိပ်ကမ်းတံတားအသီးသီးမှတာဝန်ရှိသူများနှင့် ကုန်သေတ္တာသင်္ဘောလိုင်းများမှ ဌာနေကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ COVID-19 ဖြစ်ပွား ချိန်မှစ၍ ရန်ကုန်ဆိပ်ကမ်း၏ ကုန်သေတ္တာတင် သင်္ဘောဝင်ရောက်မှု ကျဆင်းခဲ့သည့်အခြေအနေ၊ ပို့ကုန်အတွက် ကုန်သေတ္တာလိုအပ်ချက် မြင့်တက်လာရသည့်အခြေအနေများ၊ မြန်မာနိုင်ငံ အနေဖြင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုတွင် ရေကြောင်းဖြင့်ကုန်သွယ်မှု၏ အရေးပါပုံနှင့် သင်္ဘောစီးရေ တိုးမြှင့်ဝင်ရောက်လာစေရေးနှင့် ကုန်သေတ္တာလိုအပ်ချက် လျော့ချနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အထွေထွေမန်နေဂျာ၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ကမ္ဘာ့ဈေးကွက်နှင့် အထူးသဖြင့် အာရှနှင့် အရှေ့တောင်အာရှဈေးကွက် တွင် ဆက်လက် ဖြစ်ပေါ်နေသည့် ကုန်သေတ္တာလိုအပ်ချက် မြင့်တက်နေမှုနှင့်အတူ မြန်မာ နိုင်ငံတွင် လက်ရှိကာလအတွင်း ပို့ကုန်များ အချိန်မီ တင်ပို့နိုင်ရန်အတွက် ကုန်သေတ္တာနှင့် အအေးခန်းကုန်သေတ္တာ လိုအပ်ချက်ရှိမှုအခြေအနေနှင့် ဆိပ်ကမ်းလုပ်ငန်းများ ပုံမှန်အတိုင်း ဘေးကင်းလုံခြုံစွာဖြင့် လည်ပတ်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ကုန်သေတ္တာတင် ဆိပ်ကမ်းတံတားအသီးသီးမှ လက်ရှိကာလတွင် နေ့စဉ်ဆိပ်ကမ်း လုပ်ငန်များ လည်ပတ်နေမှုအခြေအနေများနှင့် ဝင်ရောက်လာမည့် သင်္ဘောကြီးများနှင့် ပို့ကုန်/ သွင်းကုန် လုပ်ငန်းရှင်များအတွက် အကောင်းဆုံးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်အတွက် လုံလောက်သော စက်ကရိယာအင်အားနှင့် အလုပ်သမားအင်အားများဖြင့် အမြဲ အဆင်သင့်ရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး၊ သင်္ဘောလိုင်းများမှလည်း လက်ရှိကာလတွင် အချို့သော သင်္ဘောများကို ယာယီသဘော လျော့ချ/ရပ်ဆိုင်းခဲ့မှုအခြေအနေ၊ ယခုနှစ် မေလ အတွင်း သင်္ဘောလိုင်းအလိုက် စုစုပေါင်း ကုန်သေတ္တာတင် သင်္ဘော (၂၄)စီး ပြေးဆွဲရန် လျားထား စာရင်း၊ ဈေးကွက်လိုအပ်ချက်အရ အထူးခရီးစဉ်များဖြင့် ဖြည့်စွက်ပြေးဆွဲပေးမည့် အခြေအနေ၊ ဇွန်၊ ဇူလိုင်လများတွင် ပြေးဆွဲသွားမည့်အခြေအနေ၊ ပို့ကုန်လုပ်ငန်းရှင်များအတွက် ကုန်သေတ္တာ နှင့် အအေးခန်းကုန်သေတ္တာများ ဖြည့်ဆည်းပေးနေသည့်အခြေအနေ၊ သင်္ဘောလိုင်း Principles များသို့ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် ဈေးကွက်လိုအပ်ချက်များကို မပြတ်တင်ပြ၍ သင်္ဘောဝင်ရောက်မှုတိုးမြှင့်နိုင်ရေး၊ သွင်းကုန်ပိုမိုလက်ခံတင်သွင်းနိုင်ရေးနှင့် ပို့ကုန်များအချိန်မီ တင်ပို့နိုင်ရေးတို့အတွက် ကုန်သေတ္တာနှင့် အအေးခန်းကုန်သေတ္တာများ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပွင့်လင်းစွာ ဆွေးနွေးတင်ပြခဲ့ကြရာ ဦးဆောင် ညွှန်ကြားရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဆွေးနွေးတင်ပြမှုများအပေါ် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် ပံ့ပိုးဆောင်ရွက်ပေးနိုင်မည့်အခြေအနေနှင့် အထက်ဌာနများသို့ ဆက်လက် တင်ပြ၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့် သင်္ကြန်ကာလကုန်ဆုံးပြီဖြစ်၍ နေရပ်ပြန် အလုပ်သမားများ လုပ်ငန်းခွင်အသီးသီးသို့ ပြန်ဝင်ကြပြီး စက်ရုံ/အလုပ်ရုံများနှင့် တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများလည်း ပြန်လည် လည်ပတ်လာမည်ဖြစ်သောကြောင့် များမကြာမီတွင် Sea Trade အနေဖြင့် ကုန်သွယ်မှုများ တိုးတက်လာမည်ဖြစ်သဖြင့် နိုင်နင်းစွာ ကိုင်တွယ်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဆိပ်ကမ်းတံတားများနှင့် သင်္ဘောလိုင်းများအားလုံးမှ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ (၃)နာရီ တွင် ရပ်နားခဲ့ပါသည်။