ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှု အရေးပေါ်ကာလအတွင်း ပို့ဆောင်ရေးဝန်ဆောင်မှုများ စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးမှု

နေပြည်တော်(၃၀-၇-၂၀၂၁)

၁။         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါဖြစ်ပွားမှု အရေးပေါ်ကာလ အတွင်း ပြည်သူများသွားလာရခက်ခဲပြီး၊ လမ်းပန်းဆက်သွယ်မှုပြတ်တောက်ခြင်း မရှိစေရန်အတွက် ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးကို Corona virus Disease 2019 (COVID-19)  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များ  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လေယာဉ်၊ ရေယာဉ်၊ ရထား၊ မော်တော်ယာဉ် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိပါသည်။

၂။         ကိုဗစ်-၁၉ ကာလအတွင်း လေယာဉ်ပြေးဆွဲမှုများကို Stay at home သတ်မှတ်ထား သည့် မြို့များမှအပ ပုံမှန်ပြေးဆွဲနေသည့် ခရီးစဉ်/လမ်းကြောင်းများအတိုင်း ပြေးဆွဲလျက်ရှိပါသည်။ ရုံးပိတ် ရက်ကာလဖြစ်သော (၁၇-၇-၂၀၂၁) ရက်နေ့မှ ယနေ့အထိ ပြည်ပသို့ Relief Flight (၁၆၇) ခေါက်၊ ခရီးသည် (၄,၆၂၉)ဦး၊ ကုန်စည် (၃,၀၃၀,၈၇၂)ကီလိုအားလည်းကောင်း၊ ပြည်တွင်းမြို့များသို့ ခရီးစဉ်  (၆၄) ခေါက်၊ ခရီးသည် (၃,၇၁၅)ဦးအားလည်းကောင်း ပျံသန်းပို့ဆောင်ပေးခဲ့ပါသည်။

၃။         ရေယာဉ်များ ပြေးဆွဲပေးမှုအနေဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ရန်ကုန်-ဒလ၊ ဝါးတန်း-ဒလ၊ လပ္ပတ္တလုပ်-ရေပေါ်ကြီး၊ ကျုံသွယ်- ဇီးဖြူချောင်း ခရီးစဉ်များအား ပုံမှန်ပြေးဆွဲပေး လျက်ရှိပြီး မန္တလေး-ဗန်းမော်နှင့် ရခိုင်ပြည်နယ်အတွင်း ခရီးစဉ်များကို ပုံမှန်ပြေးဆွဲပေးလျက်ရှိပါသည်။ (၁၇-၇-၂၀၂၁) ရက်နေ့မှ ယနေ့အထိ ရေယာဉ်ခရီးစဉ်အသီးသီးအတွက် (၄၃၉)ခေါက်ပြေးဆွဲခဲ့ပြီး၊ ခရီးသည် (၄၆၇၉၉) ဦး၊ ကုန်စည် (၂၅၈၁) တန်အား ပို့ဆောင်ပေးခဲ့ပါသည်။

၄။         မြန်မာ့မီးရထားအနေဖြင့် ရုံးပိတ်ရက်မတိုင်မီက ခရီးစဉ်အသီးသီးသို့ ပုံမှန် (၃၆)စင်း နေ့စဉ် ပြေးဆွဲခဲ့ရာမှ (၁၉-၇-၂၀၂၁) ရက်နေ့မှစတင်၍ ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် စာပို့ရထား (၂)စင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် အမြန်ရထား (၁)စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် စာပို့ရထား (၁)စင်း၊ ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် RBE ရထား(၁၂)စင်း၊ စုစုပေါင်း (၁၈)စင်းအား နေ့စဉ် ပြေးဆွဲပေးလျက် ရှိပါသည်။ ကုန်ရထားပြေးဆွဲမှုအနေဖြင့် (၁၉-၇-၂၀၂၁) ရက်နေ့မှစ၍ ယနေ့အထိ ကုန်သေတ္တာရထား (၈)စင်း၊ အထွေထွေကုန်ရထား (၄)စင်း၊ ကျောက်ရထား (၇)စင်း၊ ကွန်ကရစ်ဇလီဖားတင်ရထား (၃)စင်း စုစုပေါင်း (၂၂)စင်းအား ပြေးဆွဲပေးခဲ့ပါသည်။

၅။         ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်များ ပြေးဆွဲမှုအနေဖြင့်  (၁၇-၇-၂၀၂၁) ရက်နေ့မှ ယနေ့အထိ  ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးသို့ ခရီးသည်ယာဉ် (၂,၅၉၆) စီး၊ ခရီးသည် (၁၂,၀၆၄) ဦး၊ ကုန်တင်ယာဉ် (၂၁,၇၈၁) စီး၊ ကုန်စည် (၁၉၂,၂၆၄)တန်အား ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။ လေကြောင်းလိုင်း၊ ရေကြောင်းလိုင်း၊ မီးရထားနှင့် ကုန်းလမ်းပို့ဆောင်ရေးတို့ကို ကုန်စည်စီးဆင်းမှု ချောမွေ့စေရန်အတွက် ပုံမှန်ပြေးဆွဲပေးလျက်ရှိပြီး၊ ကူးစက်ရောဂါပြန့်ပွားမှုကြောင့် ခရီးသည် ပို့ဆောင်ရေးအား ခရီးသည်လျော့ပါးမှုအပေါ်မူတည်၍ ခေါက်ရေလျှော့ချပြေးဆွဲပေးလျက်ရှိ ပါသည်။

၆။         နိုင်ငံတကာ ကုန်သွယ်ရေယာဉ်များ ဝင်/ထွက်မှုအနေဖြင့် (၁၇-၇-၂၀၂၁) ရက်နေ့မှ ယနေ့အထိ ရန်ကုန်နှင့်သီလဝါ ဆိပ်ကမ်းတံတား အသီးသီးသို့ ကုန်သွယ်ရေယာဉ် အဝင် (၃၅)စီး၊ အထွက် (၂၁)စီး၊ ကုန်သေတ္တာ အဝင် (၁၃,၇၀၀)TEU၊ အထွက် (၁၀,၆၇၁)TEU ၊ အထွေထွေကုန်စည် အဝင် (၂၅၉,၄၅၄) မက်ထရစ်တန်၊ အထွက် (၂၂,၄၀၁)မက်ထရစ်တန် ရှိခဲ့ပါသည်။ ထို့အပြင် ပင်လယ်ရေကြောင်းဖြင့် တင်သွင်းရောက်ရှိလာသည့် ကူးစက်ရောဂါကာကွယ်ရေး ဆေးနှင့်ဆေးပစ္စည်းများအား ပြည်သူများ လက်ဝယ်သို့ အမြန်ဆုံးထုတ်ပေးနိုင်ရန်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဝန်ထမ်းများဖြင့် (၂၄)နာရီ တာဝန်ချထား ဆောင်ရွက်ပေးလျက် ရှိပါသည်။

၇။         ပြည်သူများ၏ Oxygen လိုအပ်ချက်အား ဖြည့်တင်းနိုင်ရေးအတွက် (၁၂-၇-၂၀၂၁) ရက်နေ့မှ ယနေ့အထိ ပြည်ပမှတင်သွင်းသည့် Liquid Oxygen များ၊ Liquid Oxygen နှင့်ဆက်စပ်ပစ္စည်းများ တင်ဆောင်လာသော တရုတ်-မြန်မာ နယ်စပ်ဝင်/ထွက်ပေါက် ကျင်စန်းကျော့မှ မော်တော်ယာဉ် (၈၁)စီး၊ မြန်မာ-ထိုင်း နယ်စပ် ဝင်/ထွက်ပေါက် မြဝတီမှ မော်တော်ယာဉ် (၃၉)စီးတို့အား နယ်စပ် ဝင်/ ထွက် ဂိတ် များတွင် လွယ်ကူချောမွေ့စေရေးနှင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ သွားရောက်နိုင်ရေးကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေးခဲ့ပါသည်။

၈။         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယခုနှစ်ကုန်တွင် နိုင်ငံ့လူဦးရေ၏ (၅၀%)မှ (၇၀%) အထိ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိရာ ရောက်ရှိလာသော ကာကွယ်ဆေးများ၊ အထောက်အကူ ပစ္စည်းများကို ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးသို့ ပြည်တွင်းလေကြောင်းလိုင်းများ၏ လေယာဉ်များ၊ တိုင်းဒေသကြီး/ပြည်နယ် (၉) ခု၊ မြို့နယ် (၁၇) မြို့နယ်တွင် ကုန်တင်မော်တော်ယာဉ် (၅၀) စီးဖြင့် တစ်ကြိမ်လျှင် (၂၈၄)တန် သယ်ယူပို့ဆောင်ပေးနိုင်ရန်ကိုလည်း ပြင်ဆင်ထားရှိပြီး ဖြစ် ပါကြောင်းနှင့်ရောဂါဖြစ်ပွားမှုကာလအတွင်း မဖြစ်မနေသွားလာရမည့် ပြည်သူများ၏ခရီးသွားလာ မှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု၊ ကူးသန်းသွားလာမှုနှင့် ရောင်းဝယ်ဖောက်ကားမှုများ မပြတ်တောက်စေရေး တို့အတွက် ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်လျက်ရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန