"ကစ္ဆပနဒီ (၃)" ခရီးသည်တင် အမြန် ရေယာဉ်သစ် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဂျပန်နိုင်ငံ၏ “Grant Aid for the Economic and Social Development Program 2016" အစီအစဉ်ဖြင့် ဂျပန်ပြည်သူများက ပေးအပ်လှူဒါန်းသည့့်ငွေ ဂျပန်ယန်း သန်း (၁၀၀၀)တန်ဘိုးရှိ "ကစ္ဆပနဒီ (၃)" ခရီးသည်တင် အမြန်ရေယာဉ်သစ် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့ မွန်းလွဲ(၂:၀၀) နာရီအချိန်၌ ရန်ကုန်မြို့၊ အထက်ပန်းဆိုးတန်းလမ်းရှိ၊ Rose Garden Hotel ၊ စွယ်တော်ခန်းမတွင် ကျင်းပ ပြုလုပ်ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသန့်စင်မောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဉီးညီပု၊ ဂျပန်နိုင်ငံ Ministry of Land, Infrastructure, Transport and Tourism (MLIT) နှင့် Cabinet Office of Japan မှ Parliamentary Vice-Minister H.E. Mr. Masashi ADACHI ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro MARUYAMA၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးကျော်မျိုး၊ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တာဝန်ရှိသူများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဉီးဆောင်ညွှန်ကြားရေးမှူးများ၊ JICA Myanmar Office မှ Chief Representative Mr. Masayuki KARASAWA၊ MLIT ၊ JICS တို့မှ တာဝန်ရှိသူများ၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသန့်စင်မောင်၊ ဂျပန်နိုင်ငံ Ministry of Land, Infrastructure, Transport and Tourism(MLIT) နှင့် Cabinet Office of Japan မှ Parliamentary Vice-Minister H.E. Mr. Masashi ADACHI တို့က အမှာစကားပြောကြားပြီး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဉီးညီပုက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ကစ္ဆပနဒီ(၃) ခရီးသည်တင်အမြန်ရေယာဉ်သစ် တည်ဆောက်မှု မှတ်တမ်းဗွီဒီယိုကို ပြသသည်။ ဆက်လက်ပြီး ဂျပန်နိုင်ငံ Parliamentary Vice-Minister of Land, Infrastructure, Transport, and Tourism, Parliamentary Vice-Minister of Cabinet Office က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသို့ "ကစ္ဆပနဒီ(၃)" ခရီးသည်တင် အမြန်ရေယာဉ်သစ် လွှဲပြောင်းပေးအပ်ခြင်း အထိမ်းအမှတ် ရေယာဉ်ပုံစံငယ်ကို ပေးအပ်သည်။ ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှတ်တရလက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးကို လည်းကောင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့ကိုလည်းကောင်း အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး၊ စုပေါင်း အမှတ်တရဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားပြီးဆုံးခဲ့သည်။

ဂျပန်နိုင်ငံမှပေးပို့လှူဒါန်းသည့် “ကစ္ဆပနဒီ(၃)” ရေယာဉ်ကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Sumidagawa Shiyard Co., Ltd တွင် အသစ်တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ပြီး ရေယာဉ်၏ ကိုယ်ထည်ကို High-Tensile Strength Steel & Aluminum Alloy ဖြင့် တည်ဆောက် ထားကာ အလျား (၃၄.၇၁)မီတာ၊ အနံ (၆.၀)မီတာ၊ ဇောက် (၂.၇)မီတာနှင့် ရေစူး (၁.၂၆) မီတာ ရှိ၍ ခရီးသည် (၁၅၀)ဦးနှင့် ရေယာဉ်ဝန်ထမ်း (၁၀)ဉီး တင်ဆောင်နိုင်ပြီး တစ်နာရီလျှင် ရေမိုင် (၂၀)မိုင်နှုန်းမှ (၂၅)မိုင်နှုန်းအထိ မောင်းနှင်နိုင်သည့် ကမ်းရိုးတန်းသွား အမြန်ရေယာဉ်ဖြစ်ကြောင်း သိရှိရသည်။