e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၉

e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ် ၂:၀၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက အဖွင့်အမှာစကား ပြောကြားရာတွင် e-Government ဦးဆောင်ကော်မတီ နာယက၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ တို့၏ လမ်းညွှန်မှုများနှင့်အညီ e-Government စနစ် ပိုမိုတိုးတက်လာစေရေး ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရန်၊ နိုင်ငံအတွက် အမှန်တကယ်တိုးတက်စေနိုင်မည့် လုပ်ငန်းစီမံကိန်းတွေကို လျင်မြန် မှန်ကန်အကျိုးရှိစွာ အကောင်အထည်ဖော်နိုင်ရေးအား ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း၊ New Normal နေထိုင်မှုအသစ်အရ Online ကို ပိုမိုသုံးစွဲလာကြသည့်အတွက် Online မှ ငွေပေးချေ/ လက်ခံ နိုင်မှု၊ တရားဝင်မှုနှင့် စာရင်းစစ်ဆေးခံနိုင်မှုများသည် ကြီးမားသော လိုအပ်ချက်ဖြစ်လာသည်နှင့် အညီ အစိုးရဌာနများအနေနှင့်လည်း အဆင်သင့်ဖြစ်နေရန် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင် သွားကြရမှာဖြစ်ပါကြောင်း၊ ဆိုက်ဘာလုံခြုံရေးသည် အရေးကြီးလာသည်နှင့်အမျှ ဆိုက်ဘာလုံခြုံရေး ဥပဒေ၊မူဝါဒနှင့်မဟာဗျူဟာများပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်သွားရန်တိုက်တွန်းလိုပါကြောင်း၊ Myanmar e-Governance Master Plan (၂၀၁၆-၂၀၂၀) သည် ၂၀၂၀ ပြည့်နှစ်အထိသာ ပြုစုရေးဆွဲခဲ့ခြင်း ဖြစ်သည့်အတွက် အသစ်ဆက်လက်ရေးဆွဲပြုစုကြရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အမှာစကားပြောကြားရာတွင် Myanmar e-Governance Master Plan တွင်ပါဝင်သော လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် Myanmar National Portal ကို ၂၀၁၈ ခုနှစ်တွင် လွှင့်တင်ခဲ့ပြီး Mobile App ဖြင့်လည်းအသုံးပြုသွားနိုင်ရန် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ အစိုးရ ဌာနများ၏ Web Site များနှင့်  API ချိတ်ဆက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် Server Co-location, Web Hosting စနစ်များကိုလည်း မိမိတို့ဝန်ကြီးဌာနရှိ Data Center တွင် သက်သာသည့် နှုန်းထားဖြင့် 24/7 ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊ ယခုနှစ်တွင် Government Cloud အထိ အဆင့်မြှင့်တင်သွားမည် ဖြစ်ပါကြောင်း၊ e-Government Integrated Data Center တည်ဆောက်ခြင်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အစိုးရဌာနများအားလုံးမှ အသုံးပြုနိုင်ရန် ရည်ရွယ်၍ တည်ဆောက်ခြင်း ဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ e-ID စနစ် လုပ်ငန်းကော်မတီဥက္က္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး က e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများအားလည်းကောင်း၊ ညွှန်ကြားရေးမှူး၊ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနက Cyber Security Law, Policy and Strategies ထုတ်ပြန်နိုင်ရေးကိစ္စရပ်များကိုလည်းကောင်း၊  ညွှန်ကြားရေးမှူး၊ e-Government ဌာနမှ Myanmar e-Governance  Master Plan (2016-2020) အပေါ် အကောင်အထည်ဖော်ဆောင်နိုင်မှု အခြေအနေများ နှင့် Myanmar e-Governance Master Plan (2021-2025) ဆက်လက်ရေးဆွဲနိုင်ရေး ကိစ္စရပ်များကို လည်းကောင်း အသီးသီးတင်ပြဆွေးနွေးကြပါသည်။

ထို့နောက် တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီများမှ တင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား ညနေ (၀၄:၄၅) နာရီတွင် ရုတ်သိမ်းခဲ့ ပါသည်။