ရေနည်းကာလ ရေရရှိရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၃)အစည်းအဝေးကျင်းပ

၇-၂-၂၀၂၃၊ နေပြည်တော်

မြန်မာနိုင်ငံ အလယ်ပိုင်း ခြောက်သွေ့ဇုံများတွင် နွေရာသီကာလ၌ စိုက်ပျိုးရေနှင့်သောက်သုံးရေ ရရှိနိုင်ရေး အတွက် ဆောင်ရွက်ပေးနိုင်ရန် ရေနည်းကာလ ရေရရှိရေးလုပ်ငန်းကော်မတီကို ၃--၂၀၂၃ ရက်တွင် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီမှ ဖွဲ့စည်းပေးခဲ့ပါသည်။

ရေနည်းကာလ ရေရရှိရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်နိုင်ရန် (၁/၂၀၂၃) အစည်းအဝေးကို လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ဦးဆောင်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ၇-၂-၂၀၂၃ ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေး၌ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲက နွေရာသီ ရေရှားပါးသော ဒေသများတွင် ရေရရှိရေး လတ်တလောဆောင်ရွက်နိုင်မည့် ရေတို၊ ရေရှည်လုပ်ငန်းများကို ဆောင်ရွက်သွားရန် လမ်းညွှန်ခဲ့ပါကြောင်း၊ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ ဇုံများတွင် နွေရာသီကာလ၌ စိုက်ပျိုးရေနှင့် သောက်သုံးရေ ရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်ရန်အတွက် နွေကာလရေရှားပါးမှု ဖြစ်ပေါ်နိုင်သောဒေသများတွင် ရေရရှိရေး ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို သက်ဆိုင်ရာဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ပြုစုခဲ့ပါကြောင်း၊ လုပ်ငန်းအစီအမံ များအရ ဦးစားပေးဆောင်ရွက်ပေးသွားမည့် ဒေသများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအဆင့် လုပ်ငန်း အဖွဲ့များကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ လက်တွေ့ကျသော လုပ်ငန်းအစီအမံများကို ကာလတို အတွင်း အချိန်မီ ပြီးစီးရန် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအဆင့် လုပ်ငန်းအဖွဲ့များနှင့် ကော်မတီဝင်များက နွေရာသီ ရေရရှိရေး လတ်တလောဆောင်ရွက်နိုင်မည့် လက်တွေ့ကျသည့် ရှေ့ပြေးစီမံကိန်းများကို ရွေးချယ်ဆောင်ရွက် နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

ရေနည်းကာလ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအားဖြင့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို အထောက်အကူပြု နိုင်မည်ဖြစ်ပြီး သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်တိုးမြှင့်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များကို အထောက်အကူပြုနိုင်မည် ဖြစ်သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရေးကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန