မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (၁၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်ခြင်း

၁၁-၅-၂၀၂၃၊ ရန်ကုန်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏  (၁၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၁-၅-၂၀၂၃ ရက်၊ (ကြာသပတေးနေ့)၊ နံနက် (၈:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပါမောက္ခချုပ်၊ ပါမောက္ခ / ဌာနမှူးများ၊ ဖိတ်ကြားထားသူများ၊ ဘွဲ့ရကျောင်းသား/ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် ပါမောက္ခချုပ် က ဘာသာရပ်အလိုက် ပညာရည်ထူးချွန်ဆုရရှိသူ ကျောင်းသား/ ကျောင်းသူ(၆)ဦးတို့အား ဆုများချီးမြှင့်ခဲ့ပါသည်။      

ထို့နောက် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ရေယာဉ်တည်ဆောက်မှု အင်ဂျင်နီယာဘွဲ့ရ(၂၁)ဦး၊ ရေကြောင်းအင်ဂျင်နီယာဘွဲ့ရ (၅၅)ဦး၊ ဆိပ်ကမ်း အင်ဂျင်နီယာဘွဲ့ရ (၃၀)ဦး ၊ မြစ်ချောင်းနှင့်ကမ်းရိုးတန်းအင်ဂျင်နီယာဘွဲ့ရ (၁၄)ဦး ၊ ရေကြောင်း လျှပ်စစ်နှင့်အီလက်ထရောနစ် အင်ဂျင်နီယာဘွဲ့ရ (၂၂) ဦး၊ ရေကြောင်းစက်မှုအင်ဂျင်နီယာဘွဲ့ရ (၄)ဦး၊ ရေကြောင်းသိပ္ပံဂုဏ်ထူးဘွဲ့ရ (၁၅)ဦး၊ ရေကြောင်းသိပ္ပံဘွဲ့ရ (၃)ဦး၊ သင်္ဘောလုပ်ငန်းနှင့် ဆိပ်ကမ်း စီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာဘွဲ့ရ(၁)ဦး   စုစုပေါင်း ဘွဲ့ရရှိသူ(၁၆၅) ဦးတို့အား သက်ဆိုင်ရာ ဘွဲ့လက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်အား ၂၀၀၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ် မှ ၂၀၂၃ ခုနှစ်အထိ ဘွဲ့နှင်းသဘင်အခမ်းအနားအား (၁၆) ကြိမ်တိုင် ကျင်းပနိုင်ခဲ့ပြီး ရေကြောင်းဘက်ဆိုင်ရာအင်ဂျင်နီယာဘွဲ့ နှင့် သိပ္ပံဂုဏ်ထူးဘွဲ့ရရှိသူ (၄၃၇၁)ဦး၊  ဒီပလိုမာဘွဲ့ ရရှိသူ (၁၁၂၅)ဦးနှင့် မဟာဘွဲ့ရရှိသူ(၂၂) ဦး စုစုပေါင်းဘွဲ့ရ (၅၅၁၈)ဦးအား  မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန