မန္တလေး - ဗန်းမော် ပြေးဆွဲလျက်ရှိသော "ပေါက်တန်း"ရေယာဉ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရ

မန္တလေး(ဂေါဝိန်ဆိပ်ကမ်း)မှ ၃-၅-၂၀၂၁ ရက်နေ့ (၀၆:၀၀)နာရီအချိန်တွင် ခရီးသည်(၁၁) ဦး၊ ကုန်စည်(၂၁၅)တန်တင်ဆောင်ပြီး ထွက်ခွာလာသော“ပေါက်တန်း”ရေယာဉ်သည် ၆-၅-၂၀၂၁ ရက်နေ့(၁၀:၂၀)နာရီ အချိန်တွင် ကသာသို့ ဝင်ရောက်ခဲ့ပြီး (၁၁:၀၀) နာရီအချိန်တွင် ခရီးသည် (၁၀)ဦး၊ ကုန်စည် (၁၉၉)တန်ဖြင့် ပြန်လည်ထွက်ခွာလာခဲ့ရာ (၂၀:၂၅)နာရီအချိန်ခန့်တွင် သာယာကုန်းနှင့် ကျောက်ကြီးရွာကြားအရောက် မြစ်၏ လက်ဝဲဘက်ကမ်းမှ သောင်းကျန်းသူအဖွဲ့များ၏ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် (၁၅)မိနစ်ကြာ ပစ်ခတ်ခံရမှုကြောင့် တာဝန်ကျ တက်မကိုင် ဦးဇော်မင်းဦးတွင် လက်နက်ကြီးအစထိမှန် ဒဏ်ရာ(မစိုးရိမ်ရ)နှင့် စက်ခန်းအုပ်(၄) ဖြစ်သူ ဦးအောင်ဇော်ငြိမ်းတွင် ပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့ပါသည်။ ရေယာဉ်ကို လုံခြုံရေး ရရှိနိုင်မည့် ရွှေကူသို့ ဆက်လက်မောင်းနှင်ခဲ့ရာ (၂၃:၁၅)နာရီ တွင် ရောက်ရှိပြီး ဒဏ်ရာရဝန်ထမ်းများကို ဆေးကုသမှု ပြုလုပ်ပေးခဲ့ကြောင်းနှင့် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါသည်။

လက်ရှိတွင် ပေါက်တန်းရေယာဉ်အား လုံခြုံသောနေရာ၌ အခြေပြုထားရှိပြီး နယ်မြေခံရဲတပ်ဖွဲ့ဖြင့် ရေယာဉ်ပေါ်တွင် လုံခြုံရေးဆောင်ရွက်ပေးထားပြီးဖြစ်ပါသည်။ ထို့အပြင် ဗန်းမော်နှင့် မန္တလေးအကြား ပြေးဆွဲလျက်ရှိသည့် ပြည်တွင်းရေကြောင်းပို့ဆောင်‌ရေး အခြားရေယာဉ်များကိုလည်း လုံခြုံသောနေရာ၌ အခြေပြုထားရှိပြီး လုံခြုံရေးအခြေအနေ ကောင်းမွန်မှသာ ခရီးစဉ်များကို ပြန်လည်ပြေးဆွဲစေမည်ဖြစ်ပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံအတွင်း ခရီးသွားပြည်သူများ စိတ်အေး ချမ်းမြေ့စွာ သွားလာနိုင်ရေး၊ ကုန်စည် စီးဆင်းမှု မပြတ်တောက်စေရေးတို့အတွက် လေယာဉ်၊ ရေယာဉ်၊ ရထား၊ မော်တော်ကား ခရီးစဉ်များ ပြေးဆွဲစေလျက်ရှိရာ မသမာသူများက အဖျက်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိခြင်းကြောင့် အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် ရေယာဉ်ပေါ်တွင် အစောင့်လိုက် ရဲတပ်ဖွဲ့လိုက်ပါနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း မသင်္ကာဖွယ်ရာအခြေအနေများ တွေ့ရှိပါက သက်ဆိုင်ရာသို့အချိန်မီ သတင်းပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။