ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ရန်ကုန်မြို့ရှိ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာကြီးသို့ လှည့်လည်ကြည့်ရှုစစ်ဆေး

၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးချုပ်၊ ၎င်းဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြစ်ကမ်း သာယာလှပရေး၊ မြစ်ကမ်းထိန်းသိမ်းရေး လုပ်ငန်းနေရာများနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန် ဘူတာကြီးရှိ ပြုပြင်ပြီးစီးသော RBE ရထားတွဲများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်းတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ်သို့ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။  ညွှန်ကြားရေးမှူးချုပ်က ဌာနမှ ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အစည်းအဝေးခန်းမ၌ ဌာနဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နိုင်ငံအတွင်း  မြစ်ချောင်းများ ပေါကြွယ်ဝသဖြင့် ရေလမ်းထိန်းသိမ်းရေးလုပ်ငန်းများ၊ ကမ်းပြိုကမ်းထိန်း ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရသည့် ဌာနတစ်ခုဖြစ်သည့်အပြင် နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများကို ဖွံ့ဖြိုး တိုးတက်အောင် အားပေးလျက်ရှိရာ အဓိက လိုအပ်သည့် ရေအရင်းအမြစ်များကို တာဝန်ယူ ရှာဖွေ ထိန်းသိမ်းပေးနေရသောကြောင့် နိုင်ငံအတွက် အရေးပါသည့် ဌာနတစ်ခု ဖြစ်ပါကြောင်း၊ ရေလမ်းကြောင်းကောင်းမွန်ရေးအတွက် ကမ်းပြိုကမ်းထိန်း လုပ်ငန်းများကို သတ်မှတ်ဒီဇိုင်း၊ စံချိန် စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ အသုံးပြုသည့် စက်ပစ္စည်းနှင့် ယန္တရားများအား စွမ်းအားပြည့် အသုံးပြုနိုင်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဂရုပြု ဆောင်ရွက်ရေး၊ ဝန်ထမ်းများ၊ ရုံးအဆောက်အဦများ၊ စာရွက်စာတမ်းနှင့် သတင်းလုံခြုံမှုတို့ကို အလေးထား လိုက်နာကြစေရေး တို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ လက်ဆောင်ပေးအပ်ခဲ့ပါသည်။  ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဦးစီးဌာန၏ မှီငြမ်းစာကြည့်တိုက် (Reference Library) အတွက် ပြင်ဆင်ထားရှိမှု၊ တည်ဆောက်ဆဲ ရေယာဉ်များ၊ ရေစိုလွန်းကျင်း၊ ယန္တရားများ၊ ရုံးအဆောက်အဦများအား လည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉) ရပ်ကွက်ရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ထားရှိသော (၁၉၁၀)ပေ အရှည်ရှိသည့် ကမ်းထိန်းလုပ်ငန်းနေရာရှိ ရှင်းလင်းဆောင်သို့ ရောက်ရှိလာရာ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များကို အသေးစိတ် ရှင်းလင်း တင်ပြမှုအပေါ်  ပြည်ထောင်စုဝန်ကြီးက မြစ်ကမ်းပါးတစ်လျောက် အမြဲစိမ်းလန်း စိုပြည်၍ သာယာ လှပရေး၊ သန့်ရှင်းသပ်ရပ်ရေးကိစ္စများကို သက်ဆိုင်ရာမြို့နယ် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတမြို့နယ်၊ ကမာကြည်အိမ်ရာ အနီးတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ပြီး ဖြစ်သည့်အလျား (၄၁၀)ပေ၊ အကျယ် (၂၆) ပေအကျယ်အဝန်းရှိသော ဆိပ်ကမ်းသာယာလှပရေး၊ ကမ်းထိန်း ကာကွယ်ရေးလုပ်ငန်းခွင်နေရာသို့ ရောက်ရှိစစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက အများပြည်သူ စိတ်ချမ်းမြေ့စွာဖြင့် လာရောက် အပန်းဖြေနိုင်ရေးအတွက် ၎င်းနေရာ တစ်ဝိုက် အမြဲ သန့်ရှင်းသာယာ လှပရေးတို့ကို သက်ဆိုင်ရာ မြို့နယ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စများကို မှာကြားပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိလာရာ တာဝန်ရှိသူများက ကြိုဆိုကြပြီး ပြည်ထောင်စုဝန်ကြီးက ရထားခရီးစဉ်များ တိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် ပြုပြင်မွမ်းမံဆောင်ရွက်လျက်ရှိသော RBE (Rail Bus Engine) ရထားတွဲဆိုင်းများ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန