ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သံတွဲလေဆိပ်အား ကြည့်ရှုစစ်ဆေး

၁၄-၁-၂၀၂၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် သံတွဲလေဆိပ်သို့ ရောက်ရှိရာ ‌လေဆိပ်ရှင်းလင်းဆောင်ခန်းမတွင် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လေဆိပ်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ လေဆိပ်အဆောက်အဦအတွင်းရှိ ခရီးသည်များ ဆိုက်ရောက်/ ထွက်ခွာနေမှု အခြေအနေများ၊ လေယာဉ်ပြေးလမ်း အမှတ်အသားများ ရေးဆွဲထားရှိမှု၊ ပြေးလမ်း ဝဲ/ယာ ရှင်းလင်းထားရှိမှု အခြေအနေများ၊ လုံခြုံရေးနှင့်ပတ်သက်၍ CCTV များ စီမံဆောင်ရွက်ထား ရှိမှု၊ လေကြောင်းထိန်းမျှော်စင်ရှိ လေကြောင်းလမ်းညွှန် ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ လေဆိပ်မီးသတ်ဌာန လုပ်ငန်းဆောင်ရွက်နေမှု၊ လေဆိပ်အဆောက်အဦနှင့် လေဆိပ်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်း တင်ပြပါသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပြည်တွင်း/ပြည်ပခရီးသွားများ လုံခြုံစိတ်ချ မှုရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် လေဆိပ်တာဝန်ခံနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်၊ လေဆိပ်အဆောက်အဦအတွင်း ရောက်ရှိ/ ထွက်ခွာခရီးသည်များအတွက် လုံခြုံရေးအရ စစ်ဆေးသည့်နေရာများ၊ လေယာဉ်စောင့်ဆိုင်းသည့် နေရာများ စနစ်တကျရှိစေရန်၊ အများသုံးသန့်စင်ခန်းများ အနံ့အသက် ကောင်းမွန်ပြီး အစဉ် သန့်ရှင်းမှုရှိစေရန်၊ လေဆိပ်ဝန်ထမ်းများ/ လေကြောင်းလိုင်းဝန်ထမ်းများအနေဖြင့် ဝန်ဆောင်မှု ပေးရာတွင် ယဉ်ကျေးပျူငှာ နွေးထွေးစွာ ဆက်ဆံကြစေရန်၊ ဝန်ထမ်းများအားလုံး လုံခြုံရေး အသိ/ သတိ/ အမြင် ရှိကြစေရန်၊ လေဆိပ်မီးသတ်ဌာနအနေဖြင့် အရေးပေါ်အခြေအနေများ ကြုံတွေ့လာပါက အချိန်ကြန့်ကြာမှု မရှိစေဘဲ သတ်မှတ်ချိန်အတွင်း လျင်မြန် ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက် လေ့ကျင့်မှု စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ လေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစွာနှင့် လုံခြုံစိတ်ချစွာ ဆင်း/တက်ပျံသန်းနိုင်ရေးအတွက် အလေးထားဆောင်ရွက်ရန်၊ တပ်ဆင်ထားသည့် လေကြောင်းဆိုင်ရာ အထောက်အကူပြု စက်ကိရိယာများ အစဉ်ကောင်းမွန် နေစေရန်၊ လိုအပ်ချက်နှင့် ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ အထက်အဆင့်ဆင့်သို့ သတင်းပို့ ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဆောင်ရွက်ထားသည့် လုပ်ငန်းများကို တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်ချက်များကို အမြန်ဆုံးပြုပြင် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လေဆိပ်ရှင်းလင်းဆောင်တွင် သံတွဲမြို့ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဌာနအလိုက် တင်ပြချက်များအပေါ်  ပြန်လည်ရှင်းလင်း ဖြေကြားပေးခြင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်း သစ္စာအဓိဌာန်(၆)ချက်နှင့်အညီ နေထိုင်သွားကြပြီး စည်းလုံးညီညွတ်စွာဖြင့် မိမိတို့၏ လုပ်ငန်း တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန် မှာကြားခဲ့ကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန