ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လက်အောက်ရှိ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ မြန်မာ့မီးရထား International Hotel Project နှင့် Land Mark Project များကို ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သွားရောက် ကြည့်ရှု စစ်ဆေး

၂၀၂၂ခုနှစ် ၊ မေလ (၁၅) ရက်

                ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ မေလ(၁၅)ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်သို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

                ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်သို့ ရောက်ရှိလာရာ ဒုတိယဝန်ကြီး၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ် အစည်းအဝေးခန်းမတွင် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံချိန်တွင် ပါမောက္ခချုပ်က တက္ကသိုလ်၏ သင်ကြားရေးနှင့် စီမံရေးရာ ကိစ္စရပ်များ၊ တက္ကသိုလ် ပြန်လည်ဖွင့်လှစ်နေမှု အခြေအနေ၊ ကျောင်းသားကျောင်းသူများ ပြန်လည် တက်ရောက်နေမှု အခြေအနေနှင့် တက္ကသိုလ်၏ ဆောက်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တည်ဆောက် ပြီးစီးသည့် အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် တည်ဆောက်ရေး ဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်း တင်ပြခဲ့ပါသည်။

                ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များ အပေါ် အသစ် တည်ဆောက်သည့်လုပ်ငန်းများ အချိန်မီ ပြီးစီးရေး စံချိန်စံညွှန်းနှင့်အညီ ဖြစ်စေရေး၊ ကြပ်မတ် ဆောင်ရွက်သွားရန်၊ လက်ရှိ အဆောက်အဦများ၏ ပြင်ဆင် ထိန်းသိမ်းရေး လုပ်ငန်းများကို စနစ်တကျအစီအစဉ် ရေးဆွဲ ဆောင်ရွက်ရန်၊ သင်ကြားရေးအပိုင်းနှင့် ပတ်သက်၍ သင်ရိုးညွှန်းတမ်းများ ခေတ်စနစ်နှင့်အညီ ရေးဆွဲသင်ကြားရန်၊ လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းရေး စီမံသွားရန်နှင့် ထိရောက်သည့် သင်ကြားရေးစနစ် ဖြစ်စေရေး လုပ်ဆောင်ထားရန် မှာကြားခဲ့ပြီး တက္ကသိုလ်ဝင်းအတွင်းရှိ စာကြည့်တိုက် တည်ဆောက်ပြီးစီးမှု အခြေအနေ၊ ဘတ်စကတ်ဘောကွင်း တည်ဆောက် ပြီးစီးမှု အခြေအနေ၊ တက္ကသိုလ် ဘောလုံးကွင်း ပြုပြင်မွမ်းမံမှု အခြေအနေ၊ Recreation Centre၊ ဘွဲ့နှင်းသဘင်ခန်းမ၊ Simulator ခန်း၊ ကျောင်းသား/ ကျောင်းသူ အဆောင် တည်ဆောက်မည့် မြေနေရာ၊ ဝန်ထမ်းအိမ်ရာ များအား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

                ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊ အမှတ်(၃၇၂) ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်ရှိ မြန်မာ့မီးရထားပိုင် မြေ (၉.၆၈) ဧကပေါ်တွင် BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် International Hotel Project နှင့် Land Mark Project တို့အား ကြည့်ရှု စစ်ဆေးရာ မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာများ၊ စီမံကိန်းမှ တာဝန်ရှိသူများက ကြိုဆိုကြပြီး စီမံကိန်း ရှင်းလင်းဆောင်တွင် မြန်မာ့မီးရထား၊ ဦးဆောင် ညွှန်ကြားရေးမှူးက စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြပါသည်။

                 ဆက်လက်၍ စီမံကိန်းတာဝန်ရှိသူများက စီမံကိန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များအား မေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်း မှာကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ရာ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန