နေပြည်တော် ၊ ဇန်နဝါရီ ၁၆
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့မှ (၁၆) ရက်နေ့အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ တောင်တွင်းကြီးဘူတာ၊ ပြည် - ပုဂံရထားလမ်းပိုင်းတွင် တံတားရေလည်တိုင် နိမ့်ကျမှုဖြစ်ပေါ်ခဲ့သည့် တံတားအမှတ် - ၃၄၃ ရန်ပယ်ချောင်းကူး ရထားလမ်းတံတား၏အခြေအနေ၊ ပြည် - ရန်ကုန် ရထားလမ်းပိုင်း၊ အဆိုပါရထားလမ်းပိုင်းရှိ ဘူတာများ၊ ရထားလမ်းတံတားများ၏ အခြေအနေများ၊ တိုးကြောင်ကလေး - သီလဝါရထားလမ်းပိုင်းနှင့် သံလျင်တံတားအခြေအနေ၊ ဒါးပိန်-အင်းတိုင် ရထားလမ်းပိုင်း ပြုပြင်ဆောင်ရွက်နေမှု အခြေအနေနှင့် ရန်ကုန် - နေပြည်တော် ရထားလမ်းပိုင်းတို့၏ အခြေအနေအား စစ်ဆေးသည်။
အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ (၁၃)ရက်နေ့တွင် တောင်တွင်းကြီးဘူတာအား ကြည့်ရှု့စစ်ဆေးပြီး ဘူတာယာဒ်ဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပုံမှန်ရှင်းလင်းဆောင်ရွက်ရန်၊ ဘူတာမှာ သက်တမ်းကြာမြင့်ပြီဖြစ်သဖြင့် ပျက်စီးမှုများအား ဦးစားပေးအလိုက် ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန်၊ ဘူတာယာဒ်ဝင်းရှိ ရထားလမ်းများအတွင်း လမ်းခင်းကျောက်များ ဖြည့်တင်းသွားရန်နှင့် ဝန်ထမ်းနေအိမ်လိုင်းခန်းများ လိုအပ်ချက်ရှိနေသဖြင့် နှစ်အလိုက်လျာထားတည်ဆောက်သွားရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်-ပုဂံ ရထားလမ်းပိုင်း၊ ဆတ်သွား-ပရပ်ကြယ်ဘူတာကြားရှိ တံတားအမှတ်-၃၄၃ ရန်ပယ်ချောင်းကူး ရထားလမ်းတံတား၏ တံတားရေလည်တိုင် အမှတ် (၂) နှင့် အမှတ် (၃) တို့ နိမ့်ကျမှု ဖြစ်ပွားခဲ့မှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး တံတားပေါ်ရှိ သံလမ်းနှင့်ကွန်ကရစ်ဇလီဖားတုံးများအား ကြိုတင်ဖြုတ်သိမ်းထားရန်နှင့် တံတားပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်မည့် အစီအစဉ်ကို အမြန်ဆုံးအကောင်ထည်ဖော် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇန်နဝါရီလ(၁၄)ရက်နေ့တွင် ပြည် - ရန်ကုန် ရထားလမ်းပိုင်း တစ်လျှောက် RBE ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးခဲ့ပြီး ရထားလမ်းပိုင်းအတွင်း သတ်မှတ်စံချိန်စံနှုန်းအတိုင်း လမ်းခင်းကျောက်များ စနစ်တကျ ဖြည့်သွင်းပြီး Hand Tamping Machine အပြင် Automatic Leveling, Lining & Tamping Machine (ALLTM) စက်ဖြင့် ကျောက်ပါကင်ရိုက်ခြင်း လုပ်ငန်းအား သေချာစွာဆောင်ရွက်ရန်၊ Alignment တိကျမှန်ကန်စေရေး စနစ်တကျ စစ်ဆေးသွားရန်၊ တံတားနေရာများရှိ ဆွေ့မြေ့နေသည့် သစ်သားဇလီဖားများအား လဲလှယ်သွားရန်၊ သံဘောင်တံတားများ၏ အောက်ခြေသံဘောင်အထိုင် ကောင်း/မကောင်း ၊ Bolt & Nut များ ကောင်း/မကောင်း စစ်ဆေးသွားရန်၊ ကွေ့ဒီဂရီ ၊ Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေး စနစ်တကျစစ်ဆေး၍ ပြုပြင်ဆောင်ရွက်သွားရန် သံလမ်းအဆက်နေရာများတွင် သံလမ်းအဆက်ညှိခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် ကိုးချောင်းဆက်သံလမ်းခင်းခြင်း လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ဒါးပိန်-အင်းတိုင် ရထားလမ်း ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေအား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း သတ်မှတ်ထားသည့် ကာလအတွင်း အချိန်မီပြီးစီအောင် ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တိုးကြောင်ကလေး၊ ရွာသာကြီး ဘူတာများတွင် 100 kW Solar Hybrid System တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအားစစ်ဆေးခြင်း၊ တိုးကြောင်ကလေး - သီလဝါ ရထားလမ်းပိုင်းရှိ ဘူတာများနှင့် ဘူတာယာဒ်ဝင်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပုံမှန်ဆောင်ရွက်သွားရန်၊ သံလျင်တံတား ရေရှည်ကြံ့ခိုင်မှုရှိစေရေး တာဝန်ရှိသူများမှ ပုံမှန်စစ်ဆေးခြင်းများ ဆောင်ရွက်သွားရန်နှင့် တံတားပေါ်ရှိ ဆွေးမြေ့နေသည့် သစ်သားဇလီဖားတုံးများ အမြန်လဲလှယ်ပေးသွားရန် ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇန်နဝါရီလ(၁၆)ရက်နေ့နေ့လယ်ပိုင်းတွင် ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်းအား DEMU လူစီးအမြန်ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးခဲ့ပြီး လူစီးရထားများ ဝင်ချိန်/ထွက်ချိန် မှန်ကန်စေရန်၊ ရထားများ ခရီးဆုံးဘူတာဆိုက်ရောက်ပြီးသည့်အချိန်တွင် ရထားတွဲအတွင်း/အပြင် သန့်ရှင်းရေး စနစ်တကျဆောင်ရွက်ရန်၊ ရထားစီးခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

