ဒုတိယဝန်ကြီး ဦးအောင်မြိုင် ပေါမူ - ထီသိမ် - တောင်ကြီး ရထားလမ်းပိုင်းနှင့် တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက် ရထားလမ်းပိုင်း ထိန်းသိမ်းမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊  ဧပြီ  ၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၄ ခုနှစ် ၊ ဧပြီလ (၄) ရက်နေ့မှ (၇) ရက်နေ့ထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းအမှတ်(၄) မှ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ အဆင့်မြှင့်တင်ပြုပြင်ထားသည့် ရွှေညောင် - အေးသာယာ - ပေါမူ - တောင်ကြီး ရထားလမ်းပိုင်းရှိ ပေါမူ - ထီသိမ် - တောင်ကြီး ရထားလမ်းထိန်းသိမ်းမှု အခြေအနေ၊ တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက် ရထားလမ်းပိုင်းရှိ တံတားနှင့်တာဘောင်များ ထိန်းသိမ်းမှုအခြေအနေနှင့် ဘူတာများအား ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် အဆင့်မြှင့်တင်ပြုပြင်ထားသည့် ရွှေညောင် -  တောင်ကြီး ရထားလမ်းပိုင်းရှိ ပေါမူ - ထီသိမ် - တောင်ကြီး အပိုင်းအား စစ်ဆေးခဲ့ပြီး အဆိုပါ ရထားလမ်းပိုင်းတွင် ကျောက်ဖြည့်တင်း၍ ကျောက်ပက်ကင်ရိုက်ခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ ထီသိမ်အဝိုင်းပတ်နေရာတွင် စိုက်ပျိုးထားသည့် သစ်ပင်များနှင့် အဝိုင်းပတ်တာဘောင်တွင် မြေထိန်းနိုင်ရန် စိုက်ပျိုးထားသည့် မြက်ပင်များအား ရှင်သန်စေရေး ဂရုစိုက်သွားရန်၊ ထီသိမ် အဝိုင်းပတ်တံတားအား ပုံမှန်စစ်ဆေးခြင်းများ ဆောင်ရွက်သွားရန်၊ ကွေ့ဒီဂရီ ၊ Alignmentနှင့် Super Elevations များမှန်ကန်မှုရှိစေရေး ပုံမှန်စစ်ဆေး ပြုပြင်ခြင်းများ ဆောင်ရွက်ရန်၊ ရထားလမ်းဘေးရေမြောင်းများ စနစ်တကျဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက် ရထားလမ်းပိုင်းရှိ တံတားနှင့်တာဘောင်များ ထိန်းသိမ်းမှုအခြေအနေအား စစ်ဆေးခဲ့ပြီး ကျောက်ဖြည့်တင်းရန် လိုအပ်သည့်နေရာများတွင် ကျောက်ထပ်မံဖြည့်သွင်း၍ ပက်ကင်ရိုက်ခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ လမ်းပိုင်းအတွင်းရှိ တံတားနှင့် Box Culvert များ ရေရှည်ခိုင်ခန့်မှုရှိစေရေး စနစ်တကျစစ်ဆေး၍ ထိန်းသိမ်းဆောင်ရွက်ရန်၊ ရေမြောင်းများ (Side Drains) စနစ်တကျ ဆောင်ရွက်သွားရန်နှင့် ရထားလမ်းတာဘောင် ရေတိုက်စားမှုနည်းစေရန်အတွက် မြက်ကပ်စိုက်ပျိုးထားမှုအား ရှင်သန်အောင် ဂရုစိုက်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် ဝန်ကြီးဌာနအောက်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ကြီး)ရုံးမှ ပြည်နယ်အဆင့် အရာထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည့်အပြင် လှိုင်းတက်ဘူတာ၊ ကလောဘူတာ နှင့် ရွှေညောင်ဘူတာများ၊ ယာဒ်ဝင်းများအား စစ်ဆေးခဲ့ပြီး  ဘူတာများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပုံမှန်ရှင်းလင်းဆောင်ရွက်ရန်၊ ဝန်ထမ်းနေအိမ်လိုင်းခန်းများ၌ သောက်/သုံးရေ လုံလောက်စွာရရှိရေး စီစဉ်ဆောင်ရွက်သွားရန်၊ ဝန်ထမ်းနေအိမ်လိုင်းခန်းများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပုံမှန်ရှင်းလင်း ဆောင်ရွက်သွားရန်နှင့် အိမ်ရာကြီးကြပ်ရေးအဖွဲ့အား စနစ်တကျဖွဲ့စည်း၍ ပုံမှန်စစ်ဆေးပြီး ပျက်စီးမှုများအား ပြန်လည်ပြုပြင် ဆောင်ရွက်သွားရန်နှင့် မြန်မာ့မီးရထားတိုင်းနယ်မြေများရှိ ဆေးရုံ၊ ဆေးပေးခန်းများတွင် ဝန်ထမ်းမိသားစုများ ပိုမိုဆေးကုသမှု ခံယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန