ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ(၁/၂၀၂၄) ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ၊ ဧပြီ ၁၁

အမျိုးသားရေဥပဒေ ဒုတိယမူကြမ်း အချောသတ်အား ဆွေးနွေးအတည်ပြုရန်နှင့် ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းဝေးခန်းမ၌ကျင်းပရာ အမျိုးသားရေဥပဒေရေးဆွဲပြုစုရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ရေနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာနများနှင့် စည်ပင်သာယာရေးကော်မတီများမှ အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိုင်ငံတော်မှ ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား အားပေးဆောင်ရွက်လျက်ရှိရာ အတည်ပြုပြဋ္ဌာန်းထားသော ရေနှင့်ဆက်နွယ်သည့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် ချိတ်ဆက်လွှမ်းခြုံသည့် အမျိုးသားရေဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေး ဗဟိုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀-၁-၂၀၂၄ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ရေဥပဒေရေးဆွဲပြုစုရာတွင် စနစ်တကျ အဆင့်ဆင့်စိစစ်ဆောင်ရွက်နိုင်ရန် ၇-၂-၂၀၂၄ ရက်နေ့တွင် အမျိုးသားရေဥပဒေပြုစုရေး Task Force အဖွဲ့ကို ဖျက်သိမ်းပြီး အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး ဗဟိုကော်မတီ (၁/၂၀၂၄) ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးအကြံပြုချက်များ၊ ဝန်ကြီးဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ အကြံပြုချက်များအား ပေါင်းစပ်ညှိနှိုင်းကာ အမျိုးသားရေဥပဒေ ဒုတိယမူကြမ်းကို အချောသတ် ရေးဆွဲပြီးဖြစ်၍ ယနေ့အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုသွားမည် ဖြစ်ကြောင်း၊ အတည်ပြုပြီးရရှိလာမည့် အမျိုးသားရေဥပဒေ တတိယမူကြမ်းကို ရေနှင့်ဆက်နွယ်သည့်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများထံပေးပို့ကာ အကြံပြုချက်နှင့် သဘောထား မှတ်ချက်များရယူပြီး ဥပဒေအတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် အဆင့်ဆင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ရေကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါပြီး လိုအပ်ချက်တစ်ခုဖြစ်သည့် အမျိုးသားရေဥပဒေတစ်ရပ် ပေါ်ပေါက်ရေးအတွက် အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဝင်များအနေဖြင့် တတ်စွမ်းသမျှ ဆက်လက်ပူးပေါင်း ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး(၁)၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းလှိုင်က အမျိုးသားရေဥပဒေမူကြမ်း ရေးဆွဲရေးနှင့်စပ်လျဉ်းသည့် နောက်ခံသမိုင်း၊ အမျိုးသားရေဥပဒေ ဒုတိယမူကြမ်း/ချောနှင့် ရှေ့လုပ်ငန်းစဉ် လျာထားချက်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများက အမျိုးသားရေဥပဒေ ဒုတိယမူကြမ်း/ချောအပေါ် ပြင်ဆင်လိုသောအချက်များ၊ ထပ်မံဖြည့်စွက်လိုသောအချက်များ၊ ပြုပြင်လိုသော စကားရပ်များနှင့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြပြီး  ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်အသေးစိတ်ညှိနှိုင်းဆွေးနွေး အတည်ပြုခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန