ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် သီလဝါဆိပ်ကမ်းဒေသရှိ ဆိပ်ကမ်းတံတားများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းနှင့် မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာကြီးဝန်းအတွင်းရှိ Rail Bus Engine-RBE စက်ခေါင်းရုံသို့ ကြည့်ရှု့စစ်ဆေးခြင်း

၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ (၉) ရက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ပင်လယ်ရေကြောင်းဖြင့် နိုင်ငံတကာကုန်သွယ်မှုအတွက် အရေးပါသည့် သီလဝါဆိပ်ကမ်းဒေသရှိ နိုင်ငံတကာ ဆိပ်ကမ်း တံတားများသို့ သွားရောက်ကြည့်ရှု စစ်ဆေးကာ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာကြီးဝန်းအတွင်းရှိ Rail Bus Engine-RBE စက်ခေါင်းရုံသို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သီလဝါရှိ ကုန်သေတ္တာနှင့် အထွေထွေ ကုန်စည်များကို ကိုင်တွယ်ဝန်ဆောင်မှုပေးနေသည့် Myanmar International Terminals Thilawa (MITT) ဘက်စုံသုံး ဆိပ်ကမ်းတံတားသို့ ရောက်ရှိရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး၊ MITT ဆိပ်ကမ်း တံတားအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် Regency SPC ကုမ္ပဏီ၏ စက်သုံးဆီ တင်/ချ ဆိပ်ခံတံတားနှင့် စက်သုံးဆီသိုလှောင်ကန်များ၊ International Bulk Terminal Thilawa (IBTT) ကုမ္ပဏီ၏ ကောက်ပဲသီးနှံ ဆိပ်ခံတံတားပိတောက်ရွှေဝါ ကုမ္ပဏီလီမိတက်၏ စက်သုံးဆီ တင်/ချ ဆိပ်ခံတံတားနှင့် Wilmar Myanmar Port Terminal (Thilawa) Ltd. ၏ ကောက်ပဲသီးနှံ ဆိပ်ခံတံတားများသို့ သွားရောက်၍ စက်သုံးဆီတင်သင်္ဘော၊ ဓာတ်မြေဩဇာတင်သင်္ဘောများပေါ်မှ ကုန်ပစ္စည်များ တင်/ချ ဆောင်ရွက်နေမှု အခြေအနေ၊ ကောက်ပဲသီးနှံနှင့် ပြောင်းဖူးစေ့များ ပြည်ပသို့ တင်ပို့ရန် ဆောင်ရွက်နေမှု အခြေအနေနှင့် ဆိပ်ကမ်းဝန်းအတွင်းရှိ ခေတ်မီစက်ရုံကြီးများဖြင့် တန်ဖိုးမြင့် (Value Added) ထုတ်ကုန်များ ထုတ်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာတံတားအလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ယင်းနောက်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Wilmar Myanmar Port Terminal (Thilawa) Ltd. ၏ အစည်းအဝေးခန်းမတွင် သီလဝါဆိပ်ကမ်းဒေသရှိ ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ ဦးစွာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူးက ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သီလဝါ ဆိပ်ကမ်း ဒေသရှိ မြေကွက် ၃၇ ကွက်တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆိပ်ခံတံတားများ နေရာချထားပေးခဲ့မှု အခြေအနေ၊ လက်ရှိတွင် ဆိပ်ခံတံတား တည်ဆောက်ပြီးစီး၍ ဆိပ်ကမ်း ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသော ကုန်သေတ္တာနှင့် အထွေထွေကုန်စည် ဆိပ်ခံတံတား (၉) စင်း၊ စက်သုံးဆီ/ LNG ဆိပ်ခံတံတား (၈)စင်းနှင့် ကောက်ပဲသီးနှံဆိပ်ခံတံတား (၂)စင်း၊ စုစုပေါင်း တံတား (၁၉) စင်းတို့တွင် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် ဆိပ်ခံတံတား တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ဆဲဖြစ်သော တံတား (၁၈)စင်း၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ များကို အသေးစိတ်ရှင်းလင်းတင်ပြပါသည်။ ထို့နောက် သီလဝါဆိပ်ကမ်းဒေသရှိ ဆိပ်ကမ်း ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီ/အဖွဲ့အစည်းများမှ ဆိပ်ကမ်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ကြုံတွေ့ရသည့် အခက်အခဲများ၊ ဆောင်ရွက်လိုသည့် လုပ်ငန်းစဉ်များနှင့် အကြံပြုချက် များကို တင်ပြခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေး ပြောကြားရာတွင် နိုင်ငံ၏ ပင်လယ်ရေကြောင်းကုန်သွယ်မှုသည် နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက်အချိုးကျသဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုအတွက် အဓိကကျသည့် ဆိပ်ကမ်းကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်အနေဖြင့်လည်း ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံဆောင်ရွက်သူများကို လိုအပ်သော ပံ့ပိုးမှုများ ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ဥပဒေနှင့်အညီ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာရန် အတွက် ကြီးကြပ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊   ဆိပ်ကမ်းလုပ်ငန်းကဏ္ဍသည် နိုင်ငံတော် အတွက် ဝင်ငွေများစွာ ရှာဖွေပေးနေသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊  ဆိပ်ကမ်းလုပ်ငန်းကဏ္ဍကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public-Private Partnership)စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြရာ ဆိပ်ကမ်းလုပ်ငန်းသည် အရင်းအနှီးကြီးမားသည့် Infrastructure Investment လုပ်ငန်းဖြစ်ခြင်း၊ နည်းပညာနှင့် ကျွမ်းကျင်လုပ်သားများ အစဉ်အမြဲ လိုအပ်နေခြင်းတို့ကြောင့် ပုဂ္ဂလိကအခန်းကဏ္ဍသည် အလွန်အရေးပါပါကြောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ ဆိပ်ကမ်းများနှင့် တန်းတူရင်ပေါင်တန်း၍ စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် ဆိပ်ကမ်း ဝန်ဆောင်မှုကောင်းများကို ပေးနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုပါကြောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ၏ ဖြစ်ပေါ် တိုးတက်မှုများကိုလည်း မျက်ခြည်မပြတ် လေ့လာသုံးသပ်၍ အနာဂတ်အတွက် ကြိုတင်ပြင်ဆင် ကြရမည် ဖြစ်ကြောင်း၊ အထူးသဖြင့် ဆိပ်ကမ်းများတွင် ကုန်တင်/ကုန်ချ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး (Safety) အပြင်၊ လုံခြုံရေး (Security) ကိုလည်း အလေးထားဆောင်ရွက်ကြစေလိုပါကြောင်း၊ ဆိပ်ကမ်း ဝန်ဆောင်မှု လုပ်ငန်းရှင်များ အနေဖြင့်လည်း ဆိပ်ကမ်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲများ၊ အကြံပြု လိုသည်များရှိပါက ရင်းနှီးပွင့်လင်းစွာဖြင့် တင်ပြကြစေလိုပါကြောင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အနေဖြင့်လည်း  ဆိပ်ကမ်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရေယာဉ်ကြီးများ အန္တရာယ် ကင်းရှင်းစွာ ဝင်/ထွက် သွားလာနိုင်ရန် ရေလမ်းကြောင်း တိုးတက် ကောင်းမွန်အောင် စဉ်ဆက်မပြတ် သောင်တူးဖော် ဆောင်ရွက်ပေးခြင်း၊ ရေလမ်းကြောင်းတစ်လျှောက်တွင် ခေတ်မီရေကြောင်းပြ အမှတ်အသားများ ချပေးခြင်း၊ လျှင်မြန်စွာ ကုန်တင်/ချနိုင်ရန်အတွက် လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးခြင်းစသည်တို့ကို ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားပြီး ဆိပ်ကမ်း ဝန်ဆောင်မှု လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ရန်ကုန်ဘူတာကြီးဝန်းအတွင်းရှိ Rail Bus Engine-RBE စက်ခေါင်းရုံသို့ ရောက်ရှိလာရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး၊ စက်ခေါင်းရုံအတွင်း၌ West Corporation ထံမှလက်ခံရရှိသည့် RBE  တွဲများ ပြုပြင်ဆောင်ရွက်နေမှုနှင့် ပြုပြင်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ မြန်မာ့မီးရထား အထွေထွေမန်နေဂျာ (စက်မှု/လျှပ်စစ်)နှင့် RBE စက်ရုံ၊ စက်ရုံမှူးတို့က ရှင်းလင်း တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန