တရုတ်-အာဆီယံ ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှစ်အတွက် အွန်လိုင်းဖွင့်ပွဲ အခမ်းအနား သို့ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက်

      တရုတ်-အာဆီယံ ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှစ်အတွက် အွန်လိုင်းဖွင့်ပွဲအခမ်းအနား (ASEAN – China Year of Digital Economy Cooperation Virtual Opening Ceremony)ကို  ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၂) ရက်နေ့၊ မွန်းလွဲ (၁) နာရီ တွင်  Video Conferencing စနစ်ဖြင့် ကျင်းပသည်။ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များပါဝင် တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားကို “Combating COVID-19 through Joint Efforts, Embracing Cooperation through ICT and Digital Development” ခေါင်းစဉ်ဖြင့်ကျင်းပပြီး အာဆီယံ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ဝန်ကြီးများက မိမိတို့နိုင်ငံအတွင်း ဒီဂျစ်တယ် အသွင် ကူးပြောင်း ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုများ၊ ဒစ်ဂျစ်တယ် စီးပွားရေးဖော်ဆောင်မှု တိုးတက်မှုများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါအား ဒစ်ဂျစ်တယ်ကဏ္ဍမှ ကူညီပံ့ပိုးပေးနိုင်မှုများနှင့် စပ်လျဉ်းသည့် ကိစ္စရပ် များအား  ဆွေးနွေးဖလှယ်ခဲ့ကြသည်။

    အဆိုပါ အခမ်းအနားသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပခဲ့သော ၂၂ ကြိမ်မြောက် ASEAN – China Leaders’ Meeting တွင် အာဆီယံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ ခေါင်းဆောင်များက ၂၀၂၀ ပြည့်နှစ်ကို တရုတ်-အာဆီယံ ဒစ်ဂျစ်တယ်ဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှစ် (ASEAN –China Year of Digital Economy Cooperation) အဖြစ်သတ်မှတ်၍ ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များ စတင်ဆောင်ရွက် ကြရန် သဘောတူညီချက်အရ ကျင်းပဆောင်ရွက်ခြင်းဖြစ်သည်။
    အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီခချန်း မှ ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာနှင့် ကြိုဆိုနှုတ်ခွန်းဆက် မိန့်ခွန်းတို့ကို  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာမြောင်ဝေ က ဖတ်ကြားသည်။ ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ် သော ဗီယက်နမ်နိုင်ငံမှ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု မှ ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဗီယက်နမ် နိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Cao Quoc Hung က ဖတ်ကြားပြီး၊  အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေး (ADGMIN) ၏ ဥက္ကဋ္ဌဖြစ်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ စာတိုက်နှင့်  ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာ သန်စမိုင် ခွန်မဆစ် က အဖွင့် အမှာစကားပြောကြားသည်။

   ယင်းနောက် အာဆီယံဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာဝန်ကြီးများက မိမိတို့နိုင်ငံအတွင်း ဒစ်ဂျစ်တယ်ကဏ္ဍနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် တိုးတက်မှုများအား မျှဝေ ဆွေးနွေးကြရာတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ် တွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို စတင်လုပ်ဆောင်ခဲ့ပြီးနောက် ဆက်သွယ်ရေး ကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စု အစိုးရအနေဖြင့် နိုင်ငံတဝန်းလုံး နှင့်ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် မှုကို အကျိုးဖြစ်ထွန်းစေရန် ဆက်သွယ်ရေးကဏ္ဍတွင် ထင်ရှားသော တိုးတက်မှုများရှိစေမည့် အစီအမံများ ချမှတ်ဆောင်ရွက်ရန် အရေးကြီးသည်ကို နားလည်ပါကြောင်း၊ အစိုးရအဖွဲ့အစည်း၏ ဝန်ဆောင်မှု လုပ်ငန်းများကို ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းအတွက် အစီအမံများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ (DEDC) က မြန်မာနိုင်ငံဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ စီမံကိန်းအား ရေးဆွဲပြုစု လျက်ရှိပါကြောင်းနှင့် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်းသည် အတွေ့အကြုံနည်းပါးသော မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနိုင်သော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအဝင် ဆွေနွေးဖက် နိုင်ငံများ၏ လက်တွဲဆောင်ရွက်မှုနှင့်အတူ ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း ဆွေးနွေးသည်။
      ဆက်လက်၍ မြန်မာနိုင်ငံအနေဖြင့် အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါအား ကာကွယ်တိုက်ဖျက်ထိန်းချုပ်ရန် ဆောင်ရွက်ရာတွင် New Normal ဖြစ်သည့်  Work from Home ၊ Video Conferencing နှင့် Online Shopping စသောလုပ်ငန်းများ၌ ICT ကို အရေးပါသော နည်းပညာတစ်ခုအဖြစ် အသုံးပြုလျက်ရှိပါကြောင်း၊  ဒစ်ဂျစ်တယ်အပလီကေးရှင်း များဖြင့် ရောဂါနှင့်ဆက်နွယ်နေသည့် သတင်းအချက် အလက်များအား စောင့်ကြည့်ခြင်းနှင့် သတင်းဖြန့်ဝေအသိပေးခြင်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးသည်။ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများကလည်း မိမိတို့၏ နိုင်ငံအတွင်း ဆောင်ရွက် ချက်များအား မျှဝေဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။