ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကျင်းပ

(နေပြည်တော် မတ် ၂၂)

ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကို ၂၂--၂၀၂၃ ရက်နေ့၊ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) - MICC(II) ၌ ကျင်းပရာ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ အတွင်းရေးမှူး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ ရေနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရေကဏ္ဍတွင် ဆောင်ရွက်လျှက်ရှိသော ဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊  ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွင် ပါဝင်ကြမည့် ကြီးကြပ်သူများနှင့် ဆွေးနွေးတင်ပြမည့်သူများ၊ ရေနှင့် ဆက်နွယ် သည့် ဌာနအဖွဲ့အစည်းများမှ စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြ ပါသည်။

ပထမဦးစွာ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီအတွင်းရေးမှူး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ယူပြီးနောက် ကဏ္ဍစုံတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးဆောင်ရွက်ခဲ့ရာ နိုင်ငံအတွက် ရေလိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အရေးပါသည့် ရေအရင်းအမြစ် စူးစမ်း လေ့လာရေးအဖွဲ့နှင့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ တို့ကို ပြင်ဆင်ဖွဲ့စည်း ပြီးနောက် ကော်မတီ၏ လုပ်ငန်းတာဝန်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ်အခမ်းအနားနှင့် ပြခန်းများကိုလည်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပြီး ခမ်းနား ထိရောက် အကျိုးရှိစွာ ကျင်းပ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ် ကမ္ဘာ့ရေနေ့ ၂၀၂၃ အခမ်းအနားကို ရေနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ ရေကဏ္ဍနှင့် သက်ဆိုင်သည့် ဆောင်ရွက်ချက်များ၊ ရေဆိုင်ရာ အခက်အခဲ ပြဿနာများ၊ ဖြေရှင်းရန် နည်းလမ်းများကို အများပြည်သူ သိရှိ သတိပြုစေရန်၊ ရေနှင့် ဆက်နွယ် သက်ဆိုင်သူများအား အသိပညာ ပေးရန်နှင့် ပူးပေါင်း ဆောင်ရွက်စေရန်အတွက် လှုံ့ဆော်ရန်၊ ရေနှင့်ဆက်နွယ်သည့် နိုင်ငံတကာ လှုပ်ရှားဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံ၏ အလေးထား ပါဝင်ဆောင်ရွက်မှုကို ပေါ်လွင်စေရန် နိုင်ငံတော်မှ ဦးတည် ကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများမှတဆင့် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ရေနှင့် ဆက်နွယ် သက်ဆိုင်သူများအကြား လုပ်ငန်းအတွေ့အကြုံများနှင့် အသိအမြင်များ အပြန်အလှန် ဖလှယ်နိုင်ခဲ့ပြီး ခင်မင်မှု ရရှိ၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ကောင်းမွန်စေရန် အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများတွင် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအလိုက် ရေကဏ္ဍနှင့် သက်ဆိုင်သည့် ဆောင်ရွက်ချက်များ၊ ရေဆိုင်ရာ အခက်အခဲပြဿနာများ၊ ဖြေရှင်းရန်နည်းလမ်းများ၊ လေ့လာတွေ့ရှိချက်များကို သက်ဆိုင်ရာ ပညာရှင်များမှ ဆွေးနွေး တင်ပြကြမှာဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်လာသူများ အနေဖြင့်လည်း သိလိုသည်များကို မေးမြန်းခြင်း၊ မိမိတို့ကိုယ်စီ အတွေ့အကြုံများ အပေါ် မူတည်ပြီး ပိုမို ကောင်းမွန်စေရန် အကြံပြုခြင်းများဖြင့် ပါဝင်ဆွေးနွေး ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားလိုကြောင်းမိမိတို့မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် ရေကို စနစ်တကျအသုံးပြုနိုင်ရန် စီမံဆောင်ရွက်ကာ ရေကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် အခြား ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူဖြစ်စေမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ရေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ရေနှင့် ဆက်နွယ်သည့် ပညာရှင်များနှင့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများ အနေဖြင့်လည်း မိမိတို့ တတ်စွမ်းသမျှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများ ကျင်းပခဲ့ရာတွင် “ရေအရင်းအမြစ် အသုံးချသည့် စာတမ်းများ” နှင့် “ရေအရင်းအမြစ် ထိန်းသိမ်းခြင်းဆိုင်ရာ စာတမ်းများ” အဖြစ် (၂)နေရာခွဲ၍ ကျင်းပခဲ့ရာ ရေနှင့် သက်ဆိုင်သော ဌာနဆိုင်ရာများမှ ဘာသာရပ်ဆိုင်ရာ စာတမ်း (၂၂) စောင် ဖတ်ကြားခဲ့ကြောင်း သိရသည်။ ထို့နောက် Panel Discussion Session  ဆက်လက် ပြုလုပ်ခဲ့ပြီး အပြန်အလှန် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း၊ “အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ” အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ထဲမှ “ တိုင်းပြည် သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်”  ဆိုသည့် အချက်နှင့်အညီ ပြည်သူလူထုအတွက် ရေရရှိရေးနှင့် ရေအရင်းအမြစ်များ ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ရေနေ့ ၂၀၂၃ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲ ထိရောက်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပါဝင် ဆောင်ရွက်ပေးခဲ့ကြသော ရေနှင့်ပတ်သက်သည့် ပညာရှင်ကြီးများ၊ ရေနှင့်ပတ်သက်သော ဝန်ကြီးဌာနများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အတွေ့အကြုံများအပေါ် မူတည်ပြီး ပူးပေါင်း ပါဝင် အကြံပြု ဆွေးနွေးပေးကြသူများ၊ ရေဆိုင်ရာ ပြခန်းများနှင့် ဆွေးနွေးပွဲများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက်မှ ပါဝင်ကူညီကြသူများ အားလုံးကို အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း  ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ရေဆိုင်ရာ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကို အခမ်းအနားကို ရေသယံဇာတ အရင်းအမြစ်များ အကန့်အသတ်ရှိမှု၊ ရေနှင့် သန့်ရှင်းမှုစနစ်ဆိုင်ရာ လိုအပ်ချက်များ ရင်ဆိုင် နေရမှုနှင့် နေ့စဉ်ဘဝတွင် ရေအသုံးပြုမှု၊ သုံးစွဲမှုနှင့် ရေစီမံခန့်ခွဲမှု ပုံစံများကို ပြောင်းလဲချွေတာ ဆောင်ရွက်ရန် လိုအပ်မှုတို့ကို အများပြည်သူ သိရှိပြီး လိုက်နာ ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။