သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/ ၂၀၁၅) အရ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၁၅) ဖြင့် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်၍ တည်ထောင်ဖွဲ့စည်းခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာအသီးသီးမှ အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် e-Government လုပ်ငန်းစဉ်များအား အကျိုးရှိရှိ ပေါင်းစပ်အသုံးပြုနိုင်ရေး၊ လုပ်ငန်းစဉ်အသစ်များအား လေ့လာ၍ စီမံကိန်းအသစ်များ ရေးဆွဲအကောင် အထည်ဖော်ဆောင်ရေး၊ သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာ (ICT) စံနှုန်းများ သတ်မှတ်နိုင်ရေး၊ လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး၊ ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စနစ်တကျ ကြီးကြပ်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် အဖွဲ့အစည်း၊ ဌာနဆိုင်ရာအချင်းချင်းတို့အား ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ရည်ရွယ်၍ ဌာနခွဲ    ၈ ခု ဖြင့် တည်ထောင်ဖွဲ့စည်းခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၅) ၏ သဘောတူခွင့်ပြုချက်အရ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနအား ယခင် ဖွဲ့စည်းပုံဖြင့်ခန့်အပ်တာဝန်ပေးအပ်ထားသော ရာထူးအနွယ်နှင့် ဌာနခွဲများအား ပြင်ဆင်ခွင့်ပြုရန် ဝန်ကြီးရုံး၏ ၂၆-၇-၂၀၂၅ ရက်စွဲပါစာအမှတ် ၊ ဆသ-၁/စမ(ဖွဲ့စည်းပုံ)/၂၀၂၅(၁၂၇၅) ဖြင့် ခွင့်ပြုခဲ့ပါသဖြင့် ၂၈-၇-၂၀၂၅ ရက်နေ့ ၊ နံနက်ပိုင်းမှစ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။