National ICT Award 2013 အတွက် Educational Project Competition ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ တက်ရောက်

နေပြည်တော်   ၂၀၁၄ ခုနှစ်၊ ဧပြီလ (၃) ရက်

မြန်မာနိုင်ငံ ကွန်ပျူတာ ပညာ ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ၊ ဆက်သွယ်ရေ နှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးမြတ်ဟိန်း သည် ၂၀၁၄ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်တက္ကသိုလ်နယ်မြေ၊ MICT Park ၌ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ကျင်းပပြုလုပ်ခဲ့သော National ICT Award 2013 အတွက် Educational Project Competition ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် အမျိုးသားအဆင့်ပြိုင်ပွဲဝင် ဆုရရှိသော ပရောဂျက်များ ခင်းကျင်းပြသပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးမှ ခေတ်မီဖွံ့ဖြိုးတိုးတက်သော တိုင်းပြည် တည်ဆောက်ရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးကြောင်း၊ ထူးချွန်ထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရေးအတွက် ပညာရေးအဆင့်အတန်း မြင့်မား ရေးကို နိုင်ငံတော်မှ ကြိုးစားမြှင့်တင်ပေးလျက်ရှိပါကြောင်း၊ ယနေ့ခေတ်မှာ နိုင်ငံတစ်နိုင်ငံ၏ လူမှု-စီးပွားဖွံ့ဖြိုးတိုး တက်ရန်အတွက် ICT ကဏ္ဍ တိုးတက်မှုဟာ အရေးကြီးကြောင်း၊ ICT ကဏ္ဍ တိုးတက်မှုသည် နိုင်ငံတော်စီးပွားရေးတိုးတက်မှုအတွက် လူတစ်ဦးချင်းစီ၏ လူနေမှုဘဝ မြှင့်တင်ရေးတွင်လည်း များစွာ အထောက်အကူဖြစ်ပါကြောင်း၊ အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေး အတွက် အခြေခံအကျဆုံးမှာ ပညာရေးကဏ္ဍဖြစ်ပါကြောင်း။

ယနေ့ National ICT Award 2013 အတွက် Educational Project Competition ပြိုင်ပွဲ တွင် သင်ကြားရေးအထောက်အကူအဖြစ် အသုံးပြုနိုင်မယ့် Project တွေ ထွက်ပေါ်အောင်၊ ပညာရေး ကဏ္ဍမှာ ICT နည်းပညာများကို အပြည့်အဝ အသုံးချနိုင်စေရေး အခွင့်အလမ်းများ ပေါ်ထွက်လာစေအောင် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း။

နိဂုံးအနေနဲ့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နဲ့ ဆက်စပ်အသင်းများသည် နိုင်ငံတော်နဲ့ ပုဂ္ဂလိက ကဏ္ဍအကြား လုပ်ငန်းများအား ပေါင်းကူးချိတ်ဆက်ပေးမည့် National Hub တစ်ခုအနေဖြင့် ယခုထက်ပိုမို တက်ကြွစွာ လှုပ်ရှားနိုင်ရန် ကျောင်းသား ကျောင်းသူ မောင်မယ်များအနေနှင့်လည်း ICT ပညာရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ကွန်ပျူတာပညာဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဌ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးမှ အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် မြန်မာနို်င်ငံ ကွန်ပျူတာအသင်းချုပ်ဥက္ကဌမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပါသည်။

ထို့နောက် National ICT Award 2013 အတွက် Educational Project Competition ပြိုင်ပွဲ ဆုရရှိသူများအား မြန်မာနိုင်ငံ ကွန်ပျူတာပညာဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် တာဝန် ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ပါသည်။ ၄င်းနောက် National ICT Award 2013 အတွက် Educational Project Competition ပြိုင်ပွဲဆုရရှိသူများမှ ပြိုင်ပွဲ Project အား အသီးသီး ရှင်းလင်းပြသကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များမှ ပြိုင်ပွဲတွင် ခင်းကျင်းပြသထား သော ICT Project များအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။