Cyber Security Awareness Program ရှင်းလင်းဆွေးနွေးပွဲကျင်းပ

မတ်လ ၁၂ ရက်

မြန်မာနိုင်ငံ အစိုးရဌာန/အဖွဲ့အစည်းများရှိ ဝန်ထမ်းများ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာများ တိုးပွားလာပြီး Cyber Risk များ လျှော့ချနိုင်စေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ကြီးမှူး၍ Cyber Security Awareness Program ရှင်းလင်းဆွေးနွေးပွဲကို (၁၂-၃-၂၀၁၉) ရက်နေ့တွင် နေပြည်တော်ရှိ Information Access Center (IAC) ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကား ပြောကြားရာတွင် ဤအစီအစဉ်မှ ရရှိလာသော အသိပညာများကို သက်ဆိုင်ရာ မိမိတို့ဌာနရှိ ဝန်ထမ်းများကို TOT (Training of Trainers) ပုံစံဖြင့် ဆက်လက်မျှဝေပေးစေလိုကြောင်း၊ Online Program ဖြစ်သည့်အတွက် သတ်မှတ်ထားသော (၁) နှစ်အတွင်း၌ မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို လေ့လာနိုင်မည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလပြည့်သောအခါ ပညာပေးအစီအစဉ် အောင်မြင်ခြင်း ရှိ/မရှိကို စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ပြီး အသိအမှတ်ပြုလက်မှတ် (Certificate) များ ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းများအားလုံး ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာများ တိုးပွားလာပြီး နိုင်ငံတော်၏ e-Government အကောင်အထည်ဖော်ရေးကဏ္ဍကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ Cyber Security Awareness Program သို့ လွှတ်တော် (၃)ရပ်၊ ဗဟိုဌာနများ၊ ဝန်ကြီးဌာနများမှ CIO/ ACIO များအပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူ (၁၄၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။