The 21st APT Policy and Regulatory Forum (PRF-21) သို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများတက်ရောက်

 

အာရှ-ပစိဖိတ်ဒေသဆက်သွယ်ရေးအဖွဲ့၏ ၂၁-ကြိမ်မြောက် ဆက်သွယ်ရေးမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများနှီးနှောဖလှယ်ပွဲ (PRF-21)ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ (၂၁) ရက် နေ့အထိ Online စနစ်ဖြင့်ကျင်းပရာ မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဆောင်သော အရာထမ်း (၅) ဦး တက်ရောက်ခဲ့ပါသည်။ ဆက်သွယ်ရေးမူဝါဒ နှင့် လုပ်ထုံးလုပ်နည်းများ နှီးနှောဖလှယ်ပွဲကို ၂၀၀၁ ခုနှစ်မှ စတင်ကာ အာရှ-ပစိဖိတ်ဒေသတွင်းရှိ နိုင်ငံများ၏ ဆက်သွယ်ရေးဆိုင်ရာမူဝါဒ များ၊ ဆက်သွယ်ရေးကြီးကြပ်မှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို အတွေ့အကြုံ၊ အမြင်ချင်း ဖလှယ်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။ ယခုနှစ်တွင် COVID-19 အခြေအနေအရ အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ပြီး အာရှ-ပစိဖိတ်‌ ဒေသတွင်းနိုင်ငံများမှ ဝန်ကြီးဌာန၊ ဦးစီးဌာနများ မှ ကိုယ်စားလှယ်များနှင့် ဆက်သွယ်ရေး ကုမ္ပဏီများမှ ကိုယ်စားလှယ်များ စုစုပေါင်း ( ၂၆၆ ) ဦး တက်ရောက်ခဲ့ပါသည်။

နှီးနှောဖလှယ်ပွဲတွင် အေပီတီအဖွဲ့ဝင်နိုင်ငံအချို့၏ ဝန်ကြီးဌာနအကြီးအကဲများမှ ကိုဗစ်-၁၉ ကူးစက်မှုတုံ့ပြန်ရေးအတွက် ဒေသတွင်း အိုင်စီတီဝန်ကြီးများချမှတ်ခဲ့သော စင်္ကာပူကြေငြာချက်ပါ ရည်မှန်းချက်များအရ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးတွင် အခွင့်အလမ်းအဖြစ် ဆောင်ရွက်နိုင်ရန် မူဝါဒ၊ လုပ်ငန်းနှင့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ပဉ္စမမျိုးဆက်မိုဘိုင်း ဆက်သွယ်ရေးနည်းပညာအသုံးပြုနိုင်ရန် စိန်ခေါ်မှုများအပေါ် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်းအသုံးပြုမှု လွယ်ကူချောမွေ့စေရေး အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ဒေသတွင်း အသုံးပြုမှုများပြားလာသည့် အင်တာနက် နည်းပညာပေါ်တွင် ဝန်ဆောင်မှုပေးခြင်း (OTT)၊ အဖွဲ့ဝင်နိုင်များတွင် ဆောင်ရွက်နိုင်သည့် ဒစ်ဂျစ်တယ် စီးပွားရေးတိုးတက်မှု၊ အွန်လိုင်းအသုံးပြုမှုနှင့်အတူ အရေးပါသည့် ဆိုက်ဘာ လုံခြုံရေးတို့ကို အမြင်ချင်း ဖလှယ်ဆွေးနွေးကြပါသည်။

အာရှ-ပစိဖိတ်ဒေသတွင် ဆက်သွယ်ရေးနှင့် အိုင်စီတီ အခြေခံအဆောက်အအုံများ လျင်မြန်စွာတိုးတက်လာရာ ဆက်သွယ်ရေးကဏ္ဌတိုးတက်မှု အတွက် မူဝါဒ၊ လုပ်ထုံးလုပ်နည်း များ ခိုင်မာအားကောင်းလာစေရေးနှင့် ဒေသတွင်း ဆက်သွယ်ရေးဈေးကွက်တွင် ဖြစ်ပေါ်နေ သော ပြောင်းလဲတိုးတက်မှုများအပေါ် သတင်းအချက်အလက်များမျှဝေပြီး အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ရေးအတွက် ဆက်သွယ်ရေးမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ နှီးနှောဖလှယ်ပွဲသည် ဒေသတွင်း မူဝါဒချမှတ်သူများအတွက် အရေးပါသော ဆွေးနွေးပွဲတစ်ခုဖြစ်ပါသည်။ အေပီတီ လုပ်ငန်းစဉ်အရ နှီးနှောဖလှယ်ပွဲတွင် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေးကိစ္စ၊ ကွန်ရက် ချိတ်ဆက်ခြင်း၊ ဆက်သွယ်ရေးနံပါတ် ကိုယ်ပိုင်အသုံးပြုခြင်း(Number Portability)၊ အငြင်းပွားမှုများဖြေရှင်းခြင်း၊ မျှတစွာယှဉ်ပြိုင်ခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းသစ်များအကြောင်း တို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။