ရန်ကုန်၊ မေ ၂၁
မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သည့် (၅၉) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် (၄) ကြိမ်မြောက် အာဆီယံ - အမေရိကန်ပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ မေ ၂၁ ရက်က ရန်ကုန်မြို့၊ Wyndham Grand Yangon Hotel ၌ စတင်ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းတက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ ဒုတိယဝန်ကြီးက ပြောကြားရာတွင် အစည်းအဝေးသို့ တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ အရာရှိကြီးများအားလုံးကို ကြိုဆိုပါကြောင်း၊ အာဆီယံဒေသတွင်း ပို့ဆောင်ရေးပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ကြိုးပမ်း ဆောင်ရွက်မှုများအပေါ် များစွာနှစ်ထောင်းအားရ ဖြစ်မိပါကြောင်း၊ အာဆီယံ၏ မျှော်မှန်းချက်ဖြစ်သည့် ဒေသတွင်းပေါင်းစည်းဆက်သွယ်မှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ခံနိုင်ရည်ရှိမှုများကို မိမိတို့အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိဉာဏ်ပါအတိုင်း အာဆီယံမျှော်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ဘက်စုံပို့ဆောင်ရေး အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အမျိုးသားသယ်ယူပို့ဆောင်ရေးပင်မစီမံကိန်း၏ ဦးစားပေးလုပ်ငန်း အစီအစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာသဘောတူညီချက်များဖြစ်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ခံနိုင်ရည်ရှိရေးနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအစည်းအဝေးများတွင် အာဆီယံ-နယူးဇီလန် လေကြောင်းပို့ဆောင်ရေး သဘောတူစာချုပ်ချုပ်ဆိုရေး၊ အာဆီယံဒေသတွင်း လျှပ်စစ်မော်တော်ယာဉ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ လမ်းပြမြေပုံရေးဆွဲရေး၊ အာဆီယံဒေသတွင်း သင်္ဘောစွန့်ပစ်ပစ္စည်းများ စဉ်ဆက်မပြတ် စီမံခန့်ခွဲရေးအတွက် မဟာဗျူဟာရေးဆွဲရေး၊ ၂၀၂၆-၂၀၃၀ ကာလအတွက် အာဆီယံပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ အပြီးသတ်ဆွေးနွေးအတည်ပြုရေးစသည်များ ဆွေးနွေးသွားမည်ဟု သိရှိရသည့်အတွက် ကောင်းမွန်သည့်ရလဒ်များ ထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း၊ အာဆီယံ၏ အကြားအလပ်မရှိသော၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရှိပြီး ပေါင်းစည်းထားသည့် သယ်ယူပို့ဆောင်ရေးကွန်ရက် ဖြစ်ပေါ်စေရန်အတွက် အဖွဲ့ဝင်နိုင်ငံများအကြား စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်ကူညီပံ့ပိုးမှုများကတစ်ဆင့် အပြည့်အဝအောင်မြင်မှုရရှိမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် အဖွဲ့ဝင်နိုင်ငံများ၏ ပံ့ပိုးကူညီမှုများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံသည် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအဆင့် အစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးအဆင့် အစည်းအဝေးများကို ၂၀၁၄ ခုနှစ်တွင် အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် ထပ်မံအလှည့်ကျရောက်သဖြင့် ဦးဆောင်ကျင်းပခြင်းဖြစ်ပါသည်။ ယခုကျင်းပသည့် (၅၉) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန