အာဆီယံ- ဂျပန်ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ- ကိုရီးယားပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေး၊ အာဆီယံနှင့်ဆွေးနွေးဘက်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ အထူးအစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ (၁၂)

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် ကျင်းပသော အာဆီယံ၏ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများနှင့် ကျင်းပသော (၁၉) ကြိမ်မြောက် အာဆီယံ- ဂျပန် ပို့ဆောင်ရေး ဝန်ကြီးအစည်းအဝေး၊ (၁၂) ကြိမ်မြောက် အာဆီယံ- ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးအစည်းအဝေး နှင့် အာဆီယံနှင့်ဆွေးနွေးဘက်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ အထူးအစည်းအဝေးများသို့ တက်ရောက်ပါသည်။

 

နိုဝင်ဘာလ (၁၂) ရက်နေ့၊ နံနက်ပိုင်းတွင် (၁၉)ကြိမ်မြောက် အာဆီယံ-ဂျပန် ပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ ပို့ဆောင်ရေးဝန်ကြီးများက အဖွင့်အမှာစကားပြောကြားကာ စတင်ခဲ့ပါသည်။ အစီအစဉ်အရ အာဆီယံနှင့် ဂျပန်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပို့ဆောင်ရေးစီမံကိန်းများအပေါ် အကောင်အထည်ဖော်နိုင်မှုများ၊ အခြေခံအဆောက်အအုံနှင့် လူ့အရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံအလိုက် ဆွေးနွေးပါ သည်။ ပြည်ထောင်စုဝန်ကြီးက အာဆီယံနှင့် ဂျပန်နိုင်ငံတို့အကြား အကောင်အထည်ဖော်လျက်ရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ၊ အစားအသောက်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် သယ်ယူ ပို့ဆောင်သိုလှောင်ရာ၌ စံညွှန်းသတ်မှတ်ရေးကို ဂျပန်နိုင်ငံက ကူညီရေးဆွဲပေးမှုများ၊ ယာဉ်အန္တ ရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးတွင် ICT နည်းပညာတိုးမြှင့်အသုံးချရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံ အစီအစဉ်အရ ဂျပန်-မြန်မာ ပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။

 

ဆက်လက်၍ (၁၂) ကြိမ်မြောက် အာဆီယံ- ကိုရီးယားပို့ဆောင်ရေးဝန်ကြီးများ အစည်း အဝေးသို့ တက်ရောက်ပါသည်။ အစည်းအဝေးတွင် အာဆီယံ- ကိုရီးယား ပို့ဆောင်ရေးပူးပေါင်း ဆောင်ရွက်မှု လမ်းပြမြေပုံ (၂၀၂၁- ၂၀၂၅)ဆောင်ရွက်နိုင်မှုအပေါ် နိုင်ငံအလိုက် အမြင်ချင်းဖလှယ် ဆွေးနွေးရာ၌ ပြည်ထောင်စုဝန်ကြီးက ကိုရီးယားနိုင်ငံက အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် နှစ်နိုင်ငံ အကြား ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးမှုများအား ဆွေးနွေး ပြောကြားပြီး၊ လေကြောင်းကဏ္ဍဆက်သွယ်မှုများ မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံက ဦးဆောင် ညှိနှိုင်းလျက်ရှိသော အာဆီယံ- ကိုရီးယား လေကြောင်းသဘောတူစာချုပ် အပြီးသတ်အတည်ပြုရေး ဆောင်ရွက်ရန်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။

 

နေ့လည်ပိုင်းတွင် အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများ/ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ အထူး အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကိုဗစ်-၁၉ ကာလအလွန် အာဆီယံ သယ်ယူပို့ဆောင်ရေးကဏ္ဍ  စဉ်ဆက်မပြတ် ဖွံ့ဖြိုးစေရန်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ ဝန်ကြီးများက နိုင်ငံအလိုက် ပို့ဆောင်ရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးဆောင်ရွက်မှုများကို ဆွေးနွေးပြောကြား ပါသည်။

 

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍ ရေရှည်နှင့်စဉ်ဆက်မပြတ်ဖွံ့ဖြိုး ရေးအတွက် ဂျပန်နိုင်ငံ၏အကူအညီဖြင့်ရေးဆွဲထားသည့် အမျိုးသားပို့ဆောင်ရေးပင်မစီမံကိန်း၏ ဦးစားပေးလုပ်ငန်းစဉ်များနှင့်အညီ ရထားလမ်းအဆင့်မြှင့်တင်မှု၊ ဆိပ်ကမ်းများတည်ဆောက်မှု၊ လေဆိပ်အဆင့်မြှင့်တင်တည်ဆောက်နေမှု၊ ရေလမ်းကြောင်းကောင်းမွန်ရေး ဆောင်ရွက်နေမှုများ အား ဆွေးနွေးပြောကြားပါသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အများပြည်သူပို့ဆောင်ရေးသည် အရေးပါသည့် အလျောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုလျှော့ချရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့် ပြည်သူများ၏ လူမှုစီးပွားဆိုးကျိုးများလျော့ပါးစေရေးကို ရည်မှန်း၍ နိုင်ငံတော်အစိုးရက မြို့ပြများတွင် လျှပ်စစ်ရထား၊ လျှပ်စစ်ကားများ တိုးမြှင့်အသုံးပြု ရေး၊ ကိုယ်ပိုင်ယာဉ်များအစား အများပြည်သူပို့ဆောင်ရေးစနစ်များကို တိုးမြှင့်အသုံးပြုနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ပါသည်။

 

အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများမှ ပို့ဆောင် ရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ဆွေးနွေးဘက်နိုင်ငံများ/ အဖွဲ့အစည်းများဖြစ်သည့်  ဩစတြေးလျ၊ တရုတ်၊ အမေရိကန်ပြည်ထောင်စု၊ Asian Development Bank, Asian Infrastructure Investment Bank, World Bank, International Transport Forum တို့မှ တာဝန် ရှိသူများလည်း တက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးနှင့်အတူ သက်ဆိုင်ရာဌာန အကြီးအကဲများ ပါဝင်တက်ရောက်ခဲ့ကြောင်းနှင့် အစည်းအဝေးများအား ညနေပိုင်းတွင် ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိပါသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန