အသိပေးကြေညာခြင်း

၁။      လတ်တလော Facebook စာမျက်နှာများတွင် ယာဉ်မောင်းလိုင်စင်အမျိုးမျိုးအတွက် ကျသင့်ငွေ၊ ကြာချိန်များဖော်ပြလျက် အမြန်ဆုံးရရှိအောင် လုပ်ဆောင်ပေးနိုင်ကြောင်း၊ စာတွေ့၊ လက်တွေ့ဖြေဆိုရန် မလိုဘဲ အလွယ်တကူ လက်ဝယ်အရောက် ရမည်ဖြစ်ကြောင်း၊ အနယ်နယ် အရပ်ရပ်သို့ ပို့ဆောင်ပေးကြောင်း စသည့်ဖော်ပြချက်များ တွေ့ရှိနေရပါသည်။ အဆိုပါ Facebook စာမျက်နှာများမှ အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် ယာဉ်မောင်းလိုင်စင်များမှာ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးထားသော လိုင်စင်အစစ်အမှန်များ မဟုတ်ဘဲ တရားမဝင်သည့် လိုင်စင်အတုများသာ ဖြစ်ပါသည်။

၂။      ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တရားဝင်စိစစ်ထုတ်ပေးထားသည့် PVC Smart Card ယာဉ်မောင်းလိုင်စင်သည် လုံခြုံမှုအစီအမံများ ပြည့်စုံစွာ ထည့်သွင်းထားသည့် အတွက် အတုပြုလုပ်ရန် မဖြစ်နိုင်သည့်အပြင် အတု/အစစ် ခွဲခြား စိစစ်နိုင်သည့် အချက်အလက် များစွာပါရှိပါသည်။

၃။      ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မောင်းလိုင်စင်အသစ် လျှောက်ထားရန်အတွက် Online မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသင်တန်း ရက်ချိန်းရယူခြင်း၊ ယာဉ်မောင်းလိုင်စင် ဖြေဆိုရန် ရက်ချိန်းရယူခြင်းများ ဆောင်ရွက်ပေးပြီး ဖြေဆိုသူ၏ဓာတ်ပုံကို Webcam ဖြင့် မှတ်တမ်း ရယူခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ရေးဖြေစစ်ဆေးခြင်း၊ ဖြေဆိုအောင်မြင်သူများကို လက်တွေ့ ယာဉ်မောင်းနှင်မှု စစ်ဆေးခြင်း၊ လက်တွေ့ ယာဉ်မောင်းစစ်ဆေးမှု အောင်မြင်သူများကို သတ်မှတ်နှုန်းထားများကောက်ခံပြီး ယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်းများကို စနစ်တကျ စိစစ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ မည်သူတစ်ဦးတစ်ယောက်မှ ဖြတ်လမ်းနည်းဖြင့် ယာဉ်မောင်း လိုင်စင်ရရှိနိုင်ခြင်း မရှိပါ။

၄။      ယာဉ်မောင်းလိုင်စင်လက်ဝယ်ရှိပြီးသူများအနေဖြင့် “ခ”လိုင်စင်များကို (၅)နှစ် တစ်ကြိမ်နှင့် “ဃ”၊ “င”လိုင်စင်များကို (၃)နှစ် တစ်ကြိမ် သက်တမ်းတိုးခြင်း ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့သက်တမ်းတိုးရာ၌ ထပ်မံဖြေဆိုရန်မလို၊ ကိုယ်တိုင် လာရောက်ရန် မလိုဘဲ ရန်ကုန်တိုင်း အတွင်းရှိ ခရိုင်ရုံးများအပြင် ရန်ကုန်ဘူတာကြီးနှင့် ဝါးတန်းတို့တွင်  အလွယ်တကူ ဆောင်ရွက် နိုင်ပါသည်။

၅။      ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မဟုတ်ဘဲ ဖြတ်လမ်းနည်းများဖြင့် ပြင်ပတွင် ယာဉ်မောင်းလိုင်စင် အတုများ ဝယ်ယူအသုံးပြုခြင်း၊ အတုပြုလုပ်ဆောင်ရွက်ပေးခြင်းများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိပြီး  ယာဉ်မောင်းလိုင်စင်အတုပြုလုပ်မှုများကို ဖော်ထုတ်အရေးယူခဲ့သော ဖြစ်စဉ်များ လည်း ရှိခဲ့ပြီးဖြစ်ပါသည်။

၆။      သို့ဖြစ်ပါ၍ Facebook စာမျက်နှာပါ ယာဉ်မောင်းလိုင်စင်အတုပြုလုပ်မှုများကို ပြည်သူ လူထုမှ သတိပြု ရှောင်ကြဉ်ကြပါရန် အသိပေးကြေညာအပ်ပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန