သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့် US ICT Council for Myanmar တို့၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးသည့်အခမ်းအနား

 

မေလ (၇) ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့်  US ICT Council for Myanmar တို့၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှုစာချွန်လွှာ MOU လက်မှတ် ရေးထိုးသည့်အခမ်းအနားကို ယနေ့ နေပြည်တော်၊ ရုံးအမှတ်(၂) တွင် ကျင်းပ ပြုလုပ်ကြောင်း သိရပါသည်။

အဆိုပါ နားလည်မှုစာချွန်လွှာ Memory Of Understanding (MOU) လက်မှတ် ရေးထိုးသည့်အခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ ဒုတိယဝန်ကြီးဦးသာဦး၊ အမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများ၊ e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းနှင့် ဆပ်ကော်မတီ(၈)ခု မှ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးမှ တာဝန်ရှိသူများ ၊  US ICT Council for Myanmar, Executive Director Ms. Max Shu Teasdale နှင့် အဖွဲ့ဝင်များ တက်ရောက်ကြောင်းသိရပါသည်။     

အခမ်းအနားတွင်  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံး၊ စီးပွားရေးဌာနမှ Ms. Jennifer Peterson နှင့် US ICT Council for Myanmar, Executive Director, Ms. Max Shu Teasdale တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း နှင့် US ICT Council for Myanmar, Executive Director, Ms. Max Shu Teasdale တို့က လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှု စာချွန်လွှာ MOU ကို လက်မှတ် ရေးထိုးခဲ့ကြပါသည်။

လက်မှတ်ရေးထိုးသည့် (၁)နှစ်တာအတွင်း နေပြည်တော်တွင် “Myanmar - U.S Digital Forum” ကျင်းပမည့်အစီအစဉ် အပါအဝင် US ICT Council အဖွဲ့ဝင်ကုမ္ပဏီများက နိုင်ငံဝန်ထမ်းများ၏ ဒီဂျစ်တယ်စွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲများ၊ အိုင်စီတီသင်တန်းများ ဆောင်ရွက်ပေးခြင်း၊      e-Government နှင့် အိုင်စီတီ “best practices guides” များ ဖြန့်ဝေပေးခြင်း အစီအစဉ်များ ပါဝင်ကြောင်း သိရှိရပါသည်။