ရေအားအရင်းအမြစ်စူးစမ်းလေ့လာရေးအဖွဲ့ (၁/၂၀၂၂) ညှိနှိုင်း အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ မေလ (၁၀)ရက်

          ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့ (၁/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ မေလ (၁၀)ရက်နေ့၊ နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ အဖွဲ့ဝင်များ ဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊  လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးနှင့် လုပ်ငန်းအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသည့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်များ၏ ရေအရင်းအမြစ်များကို ထိရောက် အကျိုးရှိစွာ စီမံခန့်ခွဲနိုင်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ၎င်းမြစ်များ၏ မြစ်ဖျားမှ စတင်ပြီး ပင်လယ်သို့ ရောက် သည်အထိ ရေစီးနှုန်း တိုင်းတာရန်နှင့် ရေလမ်းကြောင်း အခြေအနေ အပါအဝင် ရေအရင်းအမြစ် ပမာဏကို စူးစမ်း လေ့လာ ဆောင်ရွက်နိုင်ရေးအတွက် ရေအားအရင်းအမြစ် စူးစမ်း လေ့လာရေးအဖွဲ့ကို နိုင်ငံတော်က ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ကြောင်း၊ အဖွဲ့၏ လုပ်ငန်းတာဝန် (၁၀)ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့အားလုံး အတူတကွ လက်တွဲ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ယခုချိန်အထိ နိုင်ငံအတွင်းရှိ ရေအားအရင်းအမြစ်များ အားလုံး၏ တစ်စိတ် တစ်ဒေသကိုသာ အသုံးပြု နိုင်သေးသဖြင့်  နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုဘဝ အဆင့်မြင့်မားရေးအတွက် ရေအားအရင်းအမြစ်များကို စနစ်တကျ စူးစမ်း လေ့လာ၍ အကျိုးရှိစွာ အသုံးပြုရန် လိုအပ်ချက် ရှိနေဆဲ ဖြစ်ကြောင်း ဦးစွာ ပြောကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံအတွင်းရှိ အဓိက မြစ်ကြီးများနှင့် ဆက်နွယ်နေသည့် မြစ်ဝှမ်းဒေသများရှိ ရေအား အရင်းအမြစ်များကို စူးစမ်း လေ့လာ၍ ပမာဏကို တိုင်းတာ တွက်ချက်ပြီး၊ ထိရောက် အကျိုးရှိစွာ အသုံးချရေးကို မဖြစ်မနေ ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်မှသာ ရေကြောင်းပို့ဆောင်ရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ ပေးဝေရေး၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ ရေနှင့် ဆက်နွယ်သည့် သဘာဝ ဘေးအန္တရာယ် လျော့ပါး သက်သာရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ပြီး၊ ပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး (Socio Economic Development)ကို အထောက်အကူ ပြုနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံရှိ မြစ်ကြီးများတွင် ရေကြောင်း သွားလာမှု လုံခြုံ ချောမွေ့ရေး၊ ရေလမ်း ကောင်းမွန်ရေး၊   ကမ်းပြိုကမ်းစားမှု ကာကွယ်ရေး၊ ရေကြောင်း တိုင်းတာရေး၊ ရေအရည်အသွေးနှင့် သဲနုန်း လေ့လာရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ စူးစမ်းလေ့လာမှုမှ ရရှိသည့် အချက်အလက် များကို အခြေခံ၍ ရေဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆက်လက် ဖော်ဆောင်နိုင်ပါက နိုင်ငံတော်၏ ဖွံ့ဖြိုး တိုးတက်ရေး အတွက် သာမက ကမ္ဘာ့ကုလ သမဂ္ဂက ချမှတ်ထားသည့် ထောင်စုနှစ် ရည်မှန်းချက်များ (Sustainable Development Goals 2030)  အကောင်အထည်ဖော် ဆောင်ရွက်မှုကိုလည်း အထောက်အကူ ပြုနိုင်မည် ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

          ထို့နောက် ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ရေအားအရင်းအမြစ် စူးစမ်း လေ့လာရေးအဖွဲ့ အတွင်းရေးမှူး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာသည့် ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသော ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ရေအား အရင်းအမြစ် စူးစမ်း လေ့လာရေးနှင့် ဆက်နွယ်သည့် လုပ်ငန်းဆောင်ရွက်မှုများနှင့် ကဏ္ဍအလိုက် ဆွေးနွေးရာတွင် ဧရာဝတီမြစ်တွင် ပင်လယ်ရေငန် ဝင်ရောက်မှုအား ထည့်သွင်း စူးစမ်းလေ့လာ၍ ကြိုတင် ပြင်ဆင်ဆောင်ရွက်ရေး၊ မြစ်ကြီးများ တစ်လျှောက် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ရေနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအား လေ့လာရေး၊ မြန်မာနိုင်ငံရှိ ပေါများ ကြွယ်ဝသည့် ရေအား အရင်းအမြစ်များကို ထိရောက်စွာ အသုံးချရေး၊ မြစ်ကြောင်း ပြုပြင်ရေးနှင့် ရေကြောင်း သွားလာရေးလုပ်ငန်းများ ရေရှည် ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းအစီအမံ (Action Plan) တွင် ထည့်သွင်း စဉ်းစား ဆောင်ရွက်ရေး၊ စူးစမ်း လေ့လာ တိုင်းတာမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေး ကဏ္ဍမှ ဆောင်ရွက်ပြီး/ ဆောင်ရွက်ဆဲ ရေအရင်းအမြစ် သုတေသန လုပ်ငန်းများနှင့်  ပေါင်းစပ် ဆောင်ရွက်ရေး ဝိုင်းဝန်း ဆွေးနွေး အကြံပြု ခဲ့ကြပါသည်။

          ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြစ်ကြီးများ၏ ရေအားအရင်းအမြစ် ပမာဏဆိုင်ရာ အချက်အလက်များကို စုစည်း တိုင်းတာ တွက်ချက်၍ စနစ်တကျ မှတ်တမ်းတင် ထားရှိခြင်းဖြင့် ရေအရင်းအမြစ်နှင့် ဆက်နွယ်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ အကြား အချက်အလက်များကို မျှဝေ သုံးစွဲနိုင်မည် ဖြစ်ရာ ရေစီမံခန့်ခွဲမှု၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ဆောင်ရွက်မှုများကို ထိရောက်စွာ အကျိုးပြုနိုင်မည် ဖြစ်ကြောင်း  နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။