ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်းအပိုင်း(၁)၊ ရန်ကုန်မှ တောင်ငူအထိ စီမံကိန်းရထားလမ်းပိုင်း၊ ဘူတာ ပြုပြင်တည်ဆောက်မှုလုပ်ငန်းခွင်များအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း ကြည့်ရှုစစ်ဆေး

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ ဒီဇင်ဘာလ(၉)ရက်နေ့တွင် ရန်ကုန်-မန္တလေး ရထား လမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်(၁)ဖြစ်သည့် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း (ပြွန်တန်ဆာစီမံကိန်းရုံး)၊ စီမံကိန်းရထားလမ်းပိုင်း ပြီးစီးမှုအခြေအနေ၊ တံတား တည်ဆောက်မှုနှင့် ပျဉ်ပုံကြီးဘူတာ မွမ်းမံပြင်ဆင်မှု လုပ်ငန်းခွင်များကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွါရာ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ရှိ ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်(၁)၏ ပဲခူး-ညောင်လေးပင်လမ်းပိုင်း (CP-102)စီမံကိန်းရုံး၊ ရှင်းလင်းဆောင်သို့ (၁၃၄၅)နာရီတွင် ရောက်ရှိရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ စီမံကိန်း ရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းဆိုင်ရာ တာဝန်ခံ ကုမ္ပဏီများ၊ လက်အောက်ခံ ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး၊ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ (မြို့ပြ)က စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း တင်ပြခြင်းနှင့် တာဝန်ခံ စီမံကိန်း အင်ဂျင်နီယာများက စီမံကိန်းလုပ်ငန်းများ လျာထားချက်အတိုင်း ပြီးစီးနိုင်ရေး သုံးသပ် တင်ပြမှုအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားပါသည်။ ဆက်လက်၍ စီမံကိန်းနယ်မြေအလိုက် လုပ်ငန်းများ ဆောင်ရွက်နေကြသော တာဝန်ခံကုမ္ပဏီမှ တာဝန်ရှိသူများ၊ ၎င်းတို့အတူ ပူးတွဲလုပ်ငန်း ဆောင်ရွက်နေကြသည့် လက်အောက်ခံ ကုမ္ပဏီများမှ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုံခြုံရေးဆိုင်ရာကိစ္စ၊ ငွေကြေးထုတ်ယူ သုံးစွဲမှုဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့မီးရထားမှ တာဝန် ရှိသူများ၊ စီမံကိန်းအတိုင်ပင်ခံအဖွဲ့ တို့နှင့်အတူ တာဝန်ခံကုမ္ပဏီများ၊ သက်ဆိုင်ရာ လက်အောက်ခံ ကုမ္ပဏီများအား လိုအပ်ချက်များ ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှု ကြီးမားသည့်အပြင် အများပြည်သူ သယ်ယူပို့ဆောင်ရေး (Public Transportation) အဖြစ် အရေးပါသည့်အတွက် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ကြိုးပမ်း ဆောင်ရွက်ရေး၊ သတ်မှတ်စံနှုန်းအတိုင်း အရည်အသွေးပြည့်မီရေးတို့ကို အလေးအနက်ထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စီမံကိန်းရုံးများနှင့် စီမံကိန်းလုပ်ငန်းခွင်များတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်နိုင်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကုမ္ပဏီများမှ တင်ပြသည့် ကိစ္စရပ်များ အပေါ် မြန်မာ့မီးရထားနှင့် ကုမ္ပဏီများအကြား စနစ်တကျ ပေါင်းစပ် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေကြသည့် ကုမ္ပဏီများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြွန်တန်ဆာဘူတာသို့ ရောက်ရှိပြီး ဘူတာယာဒ်ဝင်း တစ်ဝိုက် သန့်ရှင်း သပ်ရပ်ရေး၊ ပြုပြင်မွမ်းမံမှု ဆောင်ရွက်ရေးကိစ္စရပ်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ လိုက်ပါလျက် ပြွန်တန်ဆာဘူတာမှ RBE ရထားဖြင့် ထွက်ခွါပြီး ဒိုက်ဦး-ဖောင်တော်သီ လမ်းပိုင်း မိုင်တိုင်အမှတ် (၈၀/၆-၇) ၌ တည်ဆောက်နေဆဲ ဖြစ်သည့် တံတားအမှတ်(၁၁၁)၊ ကောလိယတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိလာရာ စီမံကိန်းတာဝန်ရှိသူများက လုပ်ငန်းပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြပြီးနောက် ပြည်ထောင်စုဝန်ကြီးက တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အား လှည့်လည် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။

ထိုမှ ဆက်လက်ထွက်ခွာရာ ဖောင်တော်သီ-ဘုရားကြီး လမ်းပိုင်း ရထားလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ရထားလမ်းများ စံချိန်မီ အရည်အသွေး ကောင်းမွန်စေရေး အလေးအနက်ထား ကြိုးပမ်း ဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပျဉ်ပုံကြီးဘူတာသို့ ရောက်ရှိချိန်တွင် ဘူတာ မွမ်းမံ ပြင်ဆင်မှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ဘူတာသန့်ရှင်း သပ်ရပ်မှု ရှိစေရေး၊ အဆောက် အဦ ရေရှည် တည်တံ့အောင် ထိန်းသိမ်း‌ ဆောင်ရွက်စေရေး၊ ဘူတာအဆောက်အဦသစ်တွင် လိုအပ်သည့် ပစ္စည်းများ ဖြည့်ဆည်းပေး၍ လုပ်ငန်းများ စနစ်တကျ‌ဆောင်ရွက်နိုင်စေရေး တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ကြောင်း  သတင်းရရှိပါသည်။  

         

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန