ရခိုင်ပြည်နယ်တွင် ပြေးဆွဲရန် ဂျပန်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့် ခရီးသည်တင် “ကစ္ဆပနဒီ(၂)” အမြန်ရေယာဉ် ကျောက်ဖြူမြို့သို့ ရောက်ရှိ

 

ရခိုင်ပြည်နယ်တွင် ပြေးဆွဲရန် ဂျပန်နိုင်ငံမှ ပေးအပ် လှူဒါန်းသည့် ခရီးသည်တင် “ကစ္ဆပနဒီ(၂)” အမြန်ရေယာဉ် ကျောက်ဖြူမြို့သို့ ရောက်ရှိ

ရန်ကုန်  ဇူလိုင် (၂၆)ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည်  ရခိုင်ဒေသ ဒေသခံပြည်သူများ လုံခြုံချောမွေ့ အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးအတွက် ဂျပန် နိုင်ငံအစိုးရ စီးပွားရေးနှင့် လူမှုရေး တိုးတက် ဖွံ့ဖြိုးရေးအစီအစဉ် The Economic and Social Development Programme မှ အထောက်ပံ့ဖြင့် ပေးအပ်လှူဒါန်းသည့် ခရီးသည်တင်ယာဉ် (၃)စီးအနက် “ကစ္ဆပနဒီ(၂)”အမည်ရှိ အမြန်ရေယာဉ်အား ဂျပန်နိုင်ငံ KOBE ဆိပ်ကမ်းမှ (၁၀-၇-၂၀၁၇) ရက်နေ့တွင် M.V ISE သင်္ဘောကြီးဖြင့် တင်ဆောင်လာရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ကျောက်ချစခန်းသို့ ဇူလိုင်လ (၂၅) ရက် ညနေ (၁၉:၃၀)နာရီတွင် ရောက်ရှိသည်။

ဇူလိုင်လ (၂၆)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တို့မှ တာဝန်ရှိသူများ၊ ကျောက်ဖြူမြို့ရှိ ဌာနဆိုင်ရာများနှင့် သင်္ဘောကုမ္ပဏီမှ တာဝန်ရှိသူများက အဆိုပါရေယာဉ်ပေါ်သို့ တက်ရောက်၍ ရေယာဉ်အား ဆိပ်ကမ်းအဝင် စစ်ဆေးခြင်းနှင့် သင်္ဘောကြီးပေါ်မှ ရေချခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ယခုရောက်ရှိလာသည့် “ကစ္ဆပနဒီ(၂)” ရေယာဉ်တွင် တာဝန်ထမ်းဆောင်မည့် ရေယာဉ် ဝန်ထမ်းများအား စနစ်တကျမောင်းနှင်နိုင်ရန် ဂျပန်ပညာရှင်များက ကျောက်ဖြူမြို့တွင် ရက်တို သင်တန်း ပို့ချသွားမည်ဖြစ်ကြောင်းနှင့် ရေယာဉ်အား လက်တွေ့မောင်းနှင်ခြင်းသင်တန်း ပြီးဆုံးပါက ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ ပို့ဆောင်ပြီး လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ခရီးစဉ်ပြေးဆွဲနိုင်ရေး တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံမှပေးပို့လှူဒါန်းသည့် “ကစ္ဆပနဒီ(၂)” ရေယာဉ်သည် အလူမီနီယံ ကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး အလျား(၁၉.၉၅)မီတာ၊ အနံ(၅.၄)မီတာ၊ စောက်(၁.၉)မီတာနှင့် ရေစူး (၀.၈၆) မီတာရှိပြီး ခရီးသည် (၈၀)ဦးတင်ဆောင်နိုင်ကာ တစ်နာရီလျှင် ရေမိုင်(၂၅)မိုင်နှုန်း မောင်းနှင်နိုင်ကြောင်းသိရသည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရေကြောင်းနှင့် လေကြောင်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးမှု အကူအညီအထောက်အပံ့ အစီအစဉ်ဖြင့် စီမံကိန်းအသစ် (၈)ခု ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယင်းအစီအစဉ်များအနက် ကမ်းရိုးတန်းနှင့် မြစ်တွင်းသွား ခရီးသည်တင် ရေယာဉ် သုံးစင်း ထောက်ပံ့ပေးရေးသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့တွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ တာဝန်ရှိသူများက အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် နှောင်းပိုင်းတွင်လည်း ဂျပန်နိုင်ငံတွင် အသစ် တည်ဆောက်မည့် “ကစ္ဆပနဒီ(၃)” ရေယာဉ်ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း သတင်းရရှိသည်။