မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်ခြင်း

နေပြည်တော်  ဇူလိုင်     ၃

မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်တောင်ရေး ပထမအကြိမ် ဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်းသည့် တိုးတက်မှု အခြေအနေများနှင့် အသစ်ထပ်မံ တင်ပြ ဆွေးနွေးလိုသည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြနိုင်ရန် ယခုကဲ့သို့ အစည်းအဝေးကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၇၀ ကျော်ခန့်သည် ကိုယ်ပိုင်ဂြိုဟ်တုများ အသုံးပြု၍ ၎င်းတို့နိုင်ငံ၏ ကဏ္ဍစုံ နယ်ပယ်များ ပိုမို ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက် ရှိနေကြပါကြောင်း၊ နိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေးအတွက် နိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီတို့က ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်ဆိုင်ရာ နည်းပညာဆပ်ကော်မတီ၊ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်ဆိုင်ရာ ဥပဒေရေးရာနှင့် လုပ်ထုံးလုပ်နည်း ဆပ်ကော်မတီနှင့် မြန်မာနိုင်ငံပိုင် ဂြိုဟ်တု ထရန်စပွန်ဒါ ငှားရမ်းရေး ဆပ်ကော်မတီ တို့ကိုလည်း ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအနေဖြင့် လက်ရှိအခြေအနေတွင် ဂြိုဟ်တုလွှတ်တင်ထားသည့် နိုင်ငံများ၏ ဂြိုဟ်တုကို ကွန်ဒိုစနစ်ကဲ့သို့ အခန်းများ ငှားရမ်း၍ အသုံးပြုနေရပါကြောင်း၊ အမေရိကန်နိုင်ငံ၏ Intelsat ဂြိုဟ်တုကို  MyanmarSat-2 အမည်ဖြင့် လွှတ်တင်၍ အချိုးကျ ငှားရမ်းပိုင်ဆိုင်ခွင့် ရရှိရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ MyanmarSat-2 ဂြိုဟ်တုတွင် မြန်မာနိုင်ငံအနေဖြင့် C-Band ထရန်စပွန်ဒါ ၆ လုံးနှင့် Ku-Band ထရန်စပွန်ဒါ ၆ လုံးတို့ကို အသုံးပြုနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး အတွက် MyanmarSat-2 ဂြိုဟ်တု ငှားရမ်းဆောင်ရွက်နိုင်ရန် အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် လွှတ်တော်သို့ ဆက်လက် တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထိုမှတဆင့် အလုံးစုံ ပိုင်ဆိုင်သည့် ကိုယ်ပိုင် ဂြိုဟ်တုစနစ် တစ်ရပ် ပိုင်ဆိုင်နိုင်ရေးအတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံပိုင် ဂြိုဟ်တုစနစ်ဖြင့်  နိုင်ငံ၏ ကဏ္ဍမျိုးစုံကို ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊  ထို့ကြောင့် နိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး လျင်မြန်စွာ အကောင်အထည် ဖော်နိုင်ရန် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။

ထို့နောက် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြပါသည်။

ထို့နောက် ဦးဆောင်ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒေါက်တာ ဖေမြင့်၊ ဒေါက်တာ အောင်သူ၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဦးကျော်ဝင်းနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း ဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး  နိဂုံးချုပ်အမှာစကား ပြောကြားပါသည်။