မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ (Myanmar Coast Guard) ဖွဲ့စည်းဆောင်ရွက် နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

(၂၁ - ၁ - ၂၀၁၉၊ နေပြည်တော်)

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅)၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့(Myanmar Coast Guard)ဖွဲ့စည်း ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဦးဆောင်၍ ကျင်းပ ပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဖိတ်ကြားထားသည့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ မြန်မာ နိုင်ငံအနေဖြင့် ကမ်းရိုးတန်း အရှည် မိုင်ပေါင်း ၁၃၀၀ ကျော် ရှည်လျားသည့် နိုင်ငံ ဖြစ်သည်နှင့် အညီ  မိမိကမ်းရိုးတန်းနှင့် ရေပြင်နယ်နိမိတ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ပင်လယ်ရေကြောင်း အန္တရာယ်ကင်းရှင်းရေးနှင့် ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေး စသည့် Traditional security measures များအပြင် ကမ်းလွန်တူးဖော်ရေးလုပ်ငန်းများ၊ တိုးချဲ့ တည်ဆောက်လာသော ရေနက်ဆိပ်ကမ်းများနှင့် သဘာဝပတ်ဝန်းကျင်၊ သယံဇာတများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်၊ ခေတ်ကာလအလိုက် တိုးတက်ဖြစ်ပေါ်လာသော စိန်ခေါ်မှုများ ဖြစ်သည့် ရေကြောင်း မတော်တဆမှုများ၊ သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင် ဖြေရှင်းရန်နှင့် ရေထုညစ်ညမ်းမှု ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် Non-traditional maritime security threats များ ဖြစ်သည့် လူကုန်ကူးခြင်း၊ တရားမဝင် ဝင်ရောက်ခြင်း၊ မှောင်ခိုလုပ်ငန်းများနှင့် မူးယစ်ဆေးဝါး သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းများအပြင် IUU (Illegal, Unlawful, Unregulated Fishing) တရားမဝင်ငါးဖမ်းခြင်း စသည့် ဥပဒေမဲ့လုပ်ရပ်များကို ထိရောက်စွာ ကာကွယ် တားဆီးရန် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ (Myanmar Coast Guard) ဖွဲ့စည်း ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးခေါ်ယူရခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ဖွဲ့စည်း ဆောင်ရွက်ရာတွင် မည်သည့်နည်းလမ်းက အသင့်တော်ဆုံးဖြစ်မည်၊ မည်သည့် အဖွဲ့အစည်း များပါဝင် ဖွဲ့စည်းစေသင့်သည်၊ မည်သို့ ဖွဲ့စည်းသင့်သည်၊ မည်သည့် ဥပဒေအရ စီမံ ကွပ်ကဲ ရမည်၊ စသောအချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဌာနအသီးသီးမှ ကိုယ်စားလှယ် များက ဆွေးနွေးနိုင်ရန်နှင့် ၎င်းတို့၏ အားနည်းချက်၊ အားသာချက်၊ စိန်ခေါ်မှုများနှင့် ရရှိ နိုင်မည့် အခွင့်အလမ်းများ စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ခြင်းများ (SWOT Analysis) ပြုလုပ်ပြီး အရေအတွက်နှင့် အရည်အသွေးအရ ဆန်းစစ်ခြင်းများ (Quantitative & Qualitative Analysis) ပြုလုပ်ရန် လိုအပ်ကြောင်း၊ အဆိုပါ ရရှိလာသော အကဲဖြတ်ချက် ရလဒ်များ အပေါ် အခြေခံ၍ ဆောင်ရွက်သင့်မှုကို နိုင်ငံတော် သမ္မတရုံးသို့ ပြန်လည် တင်ပြ သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေးဆိုင်ရာ အချက်အလက်များနှင့် နိုင်ငံတကာတွင် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပုံ၊ နည်းလမ်းများကို ဆွေးနွေး တင်ပြခဲ့ ပါသည်။

ထို့နောက် တက်ရောက်လာကြသော ဝန်ကြီးဌာနအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ က အသီးသီး ဆွေးနွေးခဲ့ကြပြီး ညှိနှိုင်းအစည်းအဝေး အခမ်းအနားကို (၁၁:၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။