မြင်းကောင်ရေ(၂၀)အထက် ရေယာဉ်များ တိုင်းတာစစ်ဆေးခြင်း၊ ရေယာဉ်မှတ်ပုံတင်ခြင်း၊ ရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်ထုတ်ပေးခြင်းနှင့် အခြားပြည်တွင်းရေကြောင်း သွား ရေယာဉ်များအန္တရာယ်ကင်းရှင်းရေး စစ်ဆေးရေးအရာရှိသင်တန်း ဖွင့်လှစ်ခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနသည် မြင်းကောင်ရေ(၂၀)အထက် ရေယာဉ်များတိုင်းတာစစ်ဆေးခြင်း၊ ရေယာဉ်မှတ်ပုံတင် ခြင်း၊ ရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်ထုတ်ပေးခြင်းနှင့် အခြားပြည်တွင်း ရေကြောင်းသွားရေယာဉ်များ အန္တရာယ်ကင်းရှင်းရေး စစ်ဆေးရေးအရာရှိသင်တန်း အမှတ်စဉ် (၄/၂၀၂၂) ကို ၂၀.၇.၂၀၂၂ ရက်နေ့မှ ၂၉.၇.၂၀၂၂ ရက်နေ့အထိလည်းကောင်း၊ ယခင်စစ်ဆေးရေး အရာရှိသင်တန်းတက်ရောက်ပြီးသူများအတွက် Updating Course ကို ၁.၈.၂၀၂၂ ရက်နေ့တွင် လည်းကောင်း Online Learning System ဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။ ရေယာဉ်များအားလုံး မှတ်ပုံတင်နိုင်ရေးနှင့် မှတ်ပုံတင်မရှိသော ရေယာဉ်များလျော့နည်းပပျောက်စေရေး၊ လမ်းပန်း ဆက်သွယ်မှုလုံခြုံချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်သွက်လက်စေရေးတို့ကို ဦးတည် လျက် ရေယာဉ်များအန္တရာယ်ကင်းရှင်းစွာ ခုတ်မောင်းသွားလာနိုင်ရေး၊ ရေယာဉ်ပေါ်ရှိ ခရီးသည် နှင့်ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လိုရာခရီးသို့ရောက်ရှိနိုင်စေရေးအတွက် အဆိုပါသင်တန်းကို ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ သင်တန်းတွင် ရေယာဉ်တိုင်းတာ စစ်ဆေးခြင်း၊ ရေယာဉ်စည်းကမ်းထိန်းသိမ်းခြင်း၊ ရေယာဉ်မှတ်ပုံတင်ခြင်း၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးအတွင်း ရေယာဉ်ခုတ်မောင်းသွားလာခွင့် လက်မှတ်ထုတ်ပေးခြင်းစသည့် ရေကြောင်း အန္တရာယ်ကင်းရှင်းရေးဆိုင်ရာလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်စေရန် သင်တန်းပို့ချပေးခြင်းဖြစ်ပါသည်။ အဆိုပါ သင်တန်းများသို့ သင်တန်းသား (၄၂)ဦး တက်ရောက်လျက်ရှိပါသည်။ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ “ပို့ဆောင် ဆက်သွယ်ပြည်ကျိုးရွယ်” ဟူသော ဆောင်ပုဒ်နှင့်အညီ ရေကြောင်းပို့ဆောင်ရေးကဏ္ဍ တိုးတက် မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။