ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ MICT Park သို့ သွားရောက်ကြည့်ရှုစစ်ဆေး

               မြန်မာနိုင်ငံကွန်ပျူတာပညာ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဆက်သွယ်ရေးနှင့်သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းသည် မေလ (၃၀)ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ MICT Park သို့ ရောက်ရှိပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပါသည်။

              ထိုသို့ ဆွေးနွေးရာတွင် Myanmar ICT Development Corporation မှ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ လက်ရှိအခြေအနေနှင့် ရည်မှန်းချက်များကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဌ ဦးခွန်ဦးနှင့် အတွင်းရေးမှူး ဦးဇော်မင်းဦး တို့မှ ရှင်းလင်းတင်ပြကြပြီး တာဝန် ရှိသူများမှလည်း ထပ်မံဆွေးနွေးတင်ပြကြပါသည်။ ပြည်ထောင်စုဝန်ကြီးမှ ICT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး သည် အရေးကြီးသည့် ကဏ္ဍဖြစ်သည့်အတွက် Myanmar ICT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်မြင်အောင် ၀ိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွန်းတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ကွန်ပျူတာ အသင်းများ၏ လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး မှာကြားပါသည်။

              ဆက်လက်၍ MICT Park အတွင်းရှိ Software ကုမ္ပဏီများမှ လုပ်ငန်းများ ဆောင်ရွက်နေမှု တို့အား ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် လိုက်လံကြည့်ရှုကြရာ Mobile Software များ၊ လုပ်ငန်းသုံး Software များ၊ Mobile ၀န်ဆောင်မှု လုပ်ငန်းများအား တီထွင်ထုတ်လုပ်နေမှုများနှင့် Mobile Banking ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက ရှင်းလင်းပြသကြပါသည်။ ပြည်ထောင်စုဝန်ကြီးမှ ပိုမိုကောင်းမွန်သော Mobile ၀န်ဆောင်မှုများကို ပြည်သူလူထုမှ ရရှိသုံးစွဲနိုင်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရန် အားပေးစကားပြောကြားခဲ့ပါသည်။

              ထို့နောက် Daiwa Institute of Research အဆောက်အဦသို့ ရောက်ရှိပြီး မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည့် Stock Exchange အတွက် စနစ်များ ရေးဆွဲထားမှု၊ Data Center ပြင်ဆင်ထားမှုများကို တာဝန်ရှိသူများက ရှင်းလင်းပြသကြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ဖြည့်ဆည်းမှာကြား ခဲ့ကြောင်း သတင်းရရှိပါသည်။