ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိဌာနများကို ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ကြည့်ရှုစစ်ဆေး(၅-၄-၂၀၂၁)

၂၀၂၁ ခုနှစ်၊ ဧပြီလ () ရက်

 

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ဧပြီလ ()ရက်နေ့တွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာအမျိုးသားလေကြောင်း တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ဌာနများသို့ ရောက်ရှိချိန်တွင် ပြည်ထောင်စုဝန်ကြီးသည် ဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများဖြင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံချိန်တွင် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် က ဌာန၏ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စည်းမျဉ်းချမှတ် ကြီးကြပ်သည့် လုပ်ငန်း၊ ဘေးကင်းမှု စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်း၊ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဆောင်ရွက်မှု၊ ဌာန၏ဖွဲ့စည်းပုံ၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် လေယာဉ်အမျိုးအစားများ၊ ထုတ်ပေးခဲ့ပြီးသော လေယာဉ်မောင်းလိုင်စင်အမျိုးအစားနှင့် အရေအတွက်များ၊ မြန်မာနိုင်ငံ ပြည်တွင်း/ပြည်ပ လေကြောင်း လိုင်းများ၊ နိုင်ငံ၏ လေဆိပ်/လေယာဉ်ကွင်း အခြေအနေများ၊ လေကြောင်းဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်မှုနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှုများနှင့် ဝန်ထမ်း သက်သာချောင်ချိရေး ဆောင်ရွက်ပေးမှုများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

          ဆက်လက်၍ မြန်မာအမျိုးသားလေကြောင်းမှ အမှုဆောင်အရာရှိချုပ်က မြန်မာအမျိုးသား လေကြောင်း၏ ဖွဲ့စည်းပုံ၊ ဝန်ထမ်းအင်အား၊ စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းမှု၊ ဌာန၏ ရည်မှန်းချက်များ၊ ဌာနအလိုက်လုပ်ငန်းတာဝန်များ၊ မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်း/ ပြည်ပ  ပျံသန်း ပြေးဆွဲမှု အခြေအနေများ၊ ATR လေယာဉ် အကြီးစားအလုပ်ရုံ စီမံကိန်းလုပ်ငန်းနှင့် လက်ရှိလုပ်ငန်း ဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အရာထမ်း၊ အမှုထမ်းများကို စားသောက်ဖွယ်ရာ ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးသည် ဌာနများမှ အရာထမ်း၊ အမှုထမ်းများဖြင့် တွေ့ဆုံချိန်တွင် ပြောကြားရာ၌ နိုင်ငံတော်၏ စီးပွားရေးကို တိုက်ရိုက် အထောက်အကူ ပြုနိုင်သည့် မြို့ပြလေကြောင်း ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန် ဌာန၏ ရည်မှန်းချက်များဖြစ်သော ဘေးအန္တရာယ် ကင်းဝေးစေရေး၊ လုံခြုံမှုရှိရေး၊ စွမ်းအားပြည့် ဆောင်ရွက်နိုင်ရေး၊ စဉ်ဆက်မပြတ် တိုးတက်ရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး တို့အတွက် အလေးထားဆောင်ရွက်ရန် လိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြောကြားရာတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲကာလ မဲစာရင်းကွာဟမှုများ များပြားလွန်းမှုများကြောင့် နိုင်ငံတော်၏ ဒီမိုကရေစီ ခရီးစဉ်လမ်းတွင် ဖြစ်ပေါ်လာမည့် အခက်အခဲများကို ဥပဒေနှင့်အညီ ဖြေရှင်းရန်နှင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ အရေးပေါ် အခြေအနေ ကြေညာပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် ()ရပ်ကို ထုတ်ပြန်ပြီး၊   နိုင်ငံတော်ကို ထိန်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်း၊ အရေးပေါ်ကာလတွင် ပထမ အေးချမ်းစွာ ဆန္ဒပြနေရာမှ မသမာသူများ၏ သွေးထိုး လှုံ့ဆောင်မှုများကြောင့် ဆူပူဆန္ဒပြမှုများမှ အကြမ်းဖက်မှုများ ဆောင်ရွက်ခြင်း၊ နိုင်ငံပိုင် အဆောက်အဉီများ၊ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးများ၊ ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံများ၊ နိုင်ငံခြားသားပိုင် စက်ရုံများကို မီးရှို့ဖျက်ဆီးခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အစိုးရ၏ အုပ်ချုပ်ရေးယန္တရားကို ပျက်စီးအောင် ဝန်ထမ်းများကို သွေးထိုးလှုံ့ဆော်၍ CDM လှုပ်ရှားများကို ဆောင်ရွက်ခဲ့ကြောင်း၊ CDM လှုပ်ရှားမှု၊ ဆူပူဆန္ဒပြမှုများ၊ အဖျက်လုပ်ငန်းများတွင် အချို့ဝန်ထမ်းများ ပါဝင်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံတော်၏ သစ္စာကို စောင့်သိရိုသေပြီး နိုင်ငံ့ဝန်ထမ်းကောင်းများ ပီသစွာဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းအောင် နေထိုင်၍ လုပ်ငန်းတာဝန်များကို သက်စွန့် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်မရ၍ ခွင့်မဲ့ပျက်ကွက်နေသော ဝန်ထမ်းများသည် ဌာနအတွက် တန်ဖိုးကြီးမားသော လူ့စွမ်းအားအရင်းမြစ်များ ဖြစ်သောကြောင့် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် စေရေး စည်းရုံး ဆွဲဆောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် မိမိဌာန၏ လုပ်ငန်းများ ရပ်တန့်မှု မဖြစ်စေရေး၊ လုပ်ငန်းများ တိုးတက် အောင်မြင်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန အောက်ရှိ လေကြောင်းထိန်းမျှော်စင်၊ မြန်မာအမျိုးသား လေကြောင်းဌာနအောက်ရှိ ATR လေယာဉ် အကြီးစားပြင်ဆင်ရေး အလုပ်ရုံနှင့် လေယာဉ်မြေပြင်ဝန်ဆောင်မှု လုပ်ငန်းဌာနများသို့ သွားရောက်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန