ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၌ ရေကြောင်း ဖြင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

၂၀၂၁ ခုနှစ်၊ မတ်လ ၂၅

ယနေ့ မွန်းလွဲ ()နာရီအချိန်တွင် ရန်ကုန်မြို့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ရုံးချုပ်၌ ရေကြောင်းဖြင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန် မြန်ဆန်စေရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အထွေထွေမန်နေဂျာနှင့် ဌာနမှူး များ၊ အကောက်ခွန်ဦးစီး ဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့မှ အရာရှိကြီးများ၊ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင် များအသင်း၊ ကုန်သွယ်ရေကြောင်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း၊ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း၊ မော်တော်ယာဉ် တင်သွင်းထုတ်လုပ်ဖြန့်ဖြူးသူများ အသင်း၊ စားအုန်းဆီတင်သွင်း ရောင်းချသူများ အသင်း၊ နိုင်ငံတကာသင်္ဘောလိုင်းများ၊ ဆိပ်ကမ်း တံတားများနှင့် ကုန်သေတ္တာစခန်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူးမှ အဖွင့်အမှာ စကား ပြောကြားရာတွင် နိုင်ငံတကာသို့ ရေကြောင်းဖြင့် ကုန်သွယ်ခြင်းအတွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အနေဖြင့် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများအား ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်း၍ ဝန်ဆောင်မှုများ ပေးလျက်ရှိပါကြောင်း၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ စဉ်ဆက်မပြတ် လည်ပတ်နေစေရေး အတွက် သင်္ဘောကြီးများ ဝင်/ထွက်ဆိုက်ကပ်ရန်နှင့် ကုန်တင်/ချလုပ်ငန်းစဉ် များ နှောင့်နှေးကြန့်ကြာ ခြင်းမရှိစေရန်နှင့် လုံခြုံမှုရှိစေရေန်အတွက် အထူးဂရုပြုဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ထို့အပြင် ရေကြောင်းပြရရှိရေး၊ ဆိပ်ကမ်းတံတားနေရာများရရှိရေးတို့အတွက်လည်း အချိန်နှင့်တစ်ပြေးညီ ကြီးကြပ်စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့အစည်း အဝေး၌ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် ရင်ဆိုင်တွေ့ကြုံနေရသည်များကို ဆိပ်ကမ်းဝန်ဆောင်မှုများ သုံးစွဲသူကုန်သည်ကြီးများနှင့် ဆိပ်ကမ်း ဝန်ဆောင်မှုများပေးသူ သင်္ဘောလိုင်းများနှင့် ဆိပ်ကမ်း တံတားများအကြား ရင်းနှီးပွင့်လင်းစွာဖြင့် အကြေအလည်ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ကြရန်နှင့် မိမိတို့ အစိုးရဌာန/အဖွဲ့အစည်းများမှလည်း လိုအပ်သည်များကို အမြန်ဆုံး ပံ့ပိုးဆောင်ရွက်ပေး နိုင်ရန်အတွက် ရည်ရွယ်ပါကြောင်း ပြောကြား ခဲ့ပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်၊ အကောက်ခွန်ဦးစီးဌာနမှလည်း မိမိတို့အကောက်ခွန် ဦးစီးဌာနအနေဖြင့် အကောက်ခွန်စည်းကြပ် ခြင်းနှင့် ရှင်းလင်းခြင်းဆိုင်ရာလုပ်ငန်းများကို ပုံမှန်အတိုင်း လည်ပတ်နိုင်အောင် ကြိုးပမ်းဆောင် ရွက်လျက်ရှိပြီး ရှေ့လာမည့်ဧပြီလ သင်္ကြန်ရုံးပိတ်ရက်ရှည် အတွင်းတွင်လည်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းများ ပုံမှန်အတိုင်းလည်ပတ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်၍ ကုန်သည်ကြီးများနှင့် ဝန်ဆောင်မှုပေးသူများအနေဖြင့် ဆောင်ရွက်လိုသည်များကို မိမိတို့ထံ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့ပြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး မှလည်း မိမိတို့ကော်မတီအနေဖြင့် ဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုအောက်တွင် နိုင်ငံတကာ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ အဆင်ပြေလွယ်ကူချောမွေ့စေရန် ရည်ရွယ်ဖွဲ့စည်း ဆောင်ရွက် ထားခြင်းဖြစ်၍၊ ကုန်သည် ကြီးများနှင့် ဆိပ်ကမ်းဝန်ဆောင်မှုပေးသူများအနေဖြင့် မိမိတို့ကော်မတီထံသို့ သတင်းအချက် အလက်များ မျှဝေပေးစေလိုပါကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူအဆင်ပြေ ချောမွေ့စေ ရေးအတွက် အချိန်မရွေး တင်ပြအကူအညီတောင်းခံနိုင်ပါကြောင်းနှင့် မိမိတို့ကော်မတီ အနေဖြင့် လည်း အမြန်ဆုံး ထိရောက်စွာပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက်တွင် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းအဖွဲ့ များမှ ကုန်သေတ္တာဖြင့် ကုန်စည်တင်သွင်းခြင်းနှင့် တင်ပို့ခြင်းတို့တွင် လက်ရှိတွေ့ကြုံနေရသည့် အခြေအနေများ၊ ဖြေလျော့ပေးစေလိုသည့်အချက်များ၊ သင်္ဘောလိုင်းများနှင့် ဆက်သွယ်ဆောင် ရွက်ရာတွင် တွေ့ကြုံရသည့်အခြေအနေများနှင့် ကုန်သေတ္တာထုတ်ယူခြင်းလုပ်ငန်းတွင် ကြုံတွေ့ ရသည့် ကြန့်ကြာမှုအချို့ကြောင့် ကုန်သေတ္တာ ဆိပ်ကမ်းမှထုတ်ယူမှု နှောင့်နှေးကြေးနှင့် ကုန် သေတ္တာအပ်နှံမှု နှောင့်နှေးကြေးများ ပိုမိုကျခံနေရသည့်အခြေအနေ၊ ပို့ကုန်ကုန်စည်များအတွက် ကုန်သေတ္တာ ရရှိလိုမှုအခြေအနေ၊ အထည်ချုပ်အော်ဒါများလက်ခံနိုင်ရေးနှင့် အချိန်မီတင်ပို့နိုင်ရေး တို့အတွက် သင်္ဘောများဝင်ရောက်မည့်အချိန်ဇယားအား ကြိုတင်သိရှိလိုခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်များ ကြီးမြင့်လာနေသည့်အခြေအနေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ရန်အတွက် ပြင်ဆင်ဆောင်ရွက် နေမှုအခြေအနေများ၊ ပဲနှမ်းတင်ပို့ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေ အနေများနှင့် ကုန်သေတ္တာဖြင့် မော်တော်ယာဉ်များ တင်သွင်းရာတွင် တွေ့ကြုံရသည့်အခြေအနေ များတို့ကို တင်ပြဆွေးနွေးခဲ့ကြပြီး၊ နိုင်ငံတကာသင်္ဘောလိုင်းများနှင့် ဆိပ်ကမ်းတံတားများ၊ ကုန်သေတ္တာ စခန်းများက ၎င်းတို့အနေဖြင့် တာဝန်ယူဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုတစ်ခုချင်း သုံးသပ် ဖြေရှင်း ညှိနှိုင်းဆောင်ရွက်ပေးသွားမည့်အစီအစဉ်များ၊ ဆိပ်ကမ်းတံတားများတွင် ကုန်သေတ္တာများ စုပုံပြည့်ကြပ်ခြင်းမရှိအောင် ဖြေရှင်းဆောင်ရွက်ပေးစေလိုသည်များကို ပြန်လည် ဆွေးနွေးတင်ပြခဲ့ကြရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် အကောက်ခွန်ဦးစီးဌာနတို့မှ တာဝန်ရှိ သူများက သုံးသပ်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးကြရာတွင် ဆိပ်ကမ်းသုံးစွဲသူ ကုန်သည်ကြီးများနှင့် ဝန်ဆောင်မှုပေးသည့် သင်္ဘောလိုင်းများအကြား ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ သင်္ဘောလိုင်း များအနေဖြင့် ဆက်သွယ်မှုမြန်ဆန်ကောင်းမွန်အောင် ဆောင်ရွက်ထားကြ စေလိုပါကြောင်း၊ လိုအပ်ပါက မိမိတို့ အစိုးရဌာနအဖွဲ့အစည်းများသို့ ချက်ချင်းတင်ပြ၍ အကူအညီ တောင်းခံကြစေလိုပါကြောင်း၊ ဆိပ်ကမ်းတံတားများနှင့် သင်္ဘောလိုင်းများအနေဖြင့်လည်း ကုန်သေတ္တာ ဆိပ်ကမ်းမှထုတ်ယူမှု နှောင့်နှေးကြေးနှင့် ကုန်သေတ္တာအပ်နှံမှု နှောင့်နှေးကြေးများ ကောက်ခံကြရာတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ် ပြဌာန်းပေးထား သည့်အတိုင်းသာ ကောက်ခံ သွားကြစေလိုပါကြောင်း၊ ပိုမိုကောက်ခံခြင်းမပြုကြ စေလိုပါကြောင်း၊ အခမဲ့ ကင်းလွတ်ရက်()ရက် ကိုလည်း သတ်မှတ်ထားသည့်အတိုင်းသာ ဆောင် ရွက်ပေးကြစေလိုပါကြောင်း၊ ဆိပ်ကမ်းတံတား များအတွင်း စုပုံနေသည့် ကုန်သေတ္တာများအား အမြန်ဆုံးထုတ်ယူနိုင်ရေးအတွက် ဌာနဆိုင်ရာများမှလည်း ပံ့ပိုးပေးသွားမည်ဖြစ်၍ အမြန်ဆုံး ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ ဆိပ်ကမ်းတံတားများရှိ လေလံစာရင်းဝင် ကုန်သေတ္တာများအားလည်း အမြန်ဆုံးရှင်းလင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဝင်ရောက်လာမည့် သင်္ဘောများ၏ အချိန်ဇယားကိုလည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် Website မှတစ်ဆင့် ကြိုတင် အသိပေးထုတ်ပြန်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဘဏ်လုပ်ငန်းများလည်း ပုံမှန်အတိုင်း လည်ပတ် နေပြီဖြစ်၍ ငွေပေးသွင်းခြင်းကိစ္စရပ်များလည်း အဆင်ပြေနေပြီဖြစ်ကြောင်းနှင့် ကုန်သေတ္တာဖြင့် မော်တော်ယာဉ်များ တင်သွင်းရာတွင် အဆင်ပြေချောမွေ့စေရေးအတွက်လည်း အကောက်ခွန်ဦးစီးဌာနမှ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ()နာရီ (၃၀)မိနစ်အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။