ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာ့စာတိုက်လုပ်ငန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်မှာကြား

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အား မတ်လ (၅)ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ ဗဟိုစာတိုက်ကြီးရှိ မြန်မာ့စာတိုက်လုပ်ငန်း(ရုံးချုပ်) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်မှ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

  ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းလမ်းညွှန်အဖြစ် မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းဖြစ်သောကြောင့် ပြည်သူလူထုမှယုံကြည်စွာ အသုံးပြုလာရေးအတွက် ကောင်းမွန်သော ဝန်ဆောင်မှုပေး သွားရန်၊ ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာ လုပ်ငန်း တာဝန် များကို တက်တက်ကြွကြွ ဆောင်ရွက်ကြရန်၊ အစိုးရနှင့်ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ရာထူးအလိုက်မိမိတာဝန်များကို အလေးထား ဆောင် ရွက်ကြရန် ၊ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မား စေရန်နှင့် အရည်အသွေးတိုးတက်စေရန် လုပ်ငန်းခွင်သင်တန်း များတက်ရောက်ပြီး ဝန်ဆောင်မှုလုပ်ငန်းကို နည်းပညာနှင့်ချိတ်ဆက်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မြန်မာ့စာတိုက် လုပ်ငန်းအနေနှင့် ကမ္ဘာ့စာပို့တိုက် သမဂ္ဂမှ ၂၀၁၆ခုနှစ်တွင်နိုင်ငံတကာအဆင့် (၁၂၆)မှ ယခု၂၀၁၈ခုနှစ် တွင်နိုင်ငံ တကာအဆင့်(၉၁)သို့ ရောက်ရှိလာခြင်းမှာ မြန်မာ့စာတိုက်လုပ်ငန်းမှဝန်ထမ်းများ တက်ညီလက်ညီ စုပေါင်း အင်အားနှင် ဆောင်ရွက်ခဲ့မှုများအပေါ် အသိအမှတ်ပြုပါကြောင်း၊ လုပ်ငန်းသစ်များကို တိုးချဲ့ဆောင်ရွက်နေသည့် အတွက် ဘဏ္ဍာရေးနှစ် တစ်နှစ်ထက်တစ်နှစ် ဝင်ငွေတိုးတက်လာပြီး အရှုံးများလည်း တစ်နှစ်ထက်တစ်နှစ် လျော့ကျလာသည်ကို တွေ့ရှိရပါကြောင်း၊ ဝင်ငွေနှင့်အသုံးစရိတ်များကို စနစ်တကျစိစစ်ဆောင်ရွက်ပြီး အဂတိတရား ကင်းရှင်းစွာ ဆောင်ရွက်သွားကြရန်နှင့် တိုးတက်သောနိုင်ငံများတွင် လူတစ်ဦးနှင့် တစ်ဦးတန်ဖိုးထားပြီး အလေးထားကြသည့်အခါ ပေးပို့လိုသည်များအတွက် စာတိုက်ကိုအားကိုး အသုံးပြုလာကြပါကြောင်း၊ သို့ဖြစ်၍ မြန်မာ့စာတိုက်လုပ်ငန်းကို ပြည်သူများယုံကြည်မှုရှိစေရန်အတွက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား သွားပါသည်။

အဆိုပါအစည်းအဝေးသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာ့ စာတိုက်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနကြီးမှူးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။