ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (၁၈) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပ

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ (၁၈) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ရုံးအမှတ်(၅)တွင် ကျင်းပရာ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ပရိယတ္တိ စာသင်တိုက်  ဦးစီးပဓာန နာယက အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ သရေစည်သူ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး (၁၅) ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအမှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဝန်ထမ်းများ တက်ရောက် ကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းကြပါသည်။

အစီအစဉ်အရ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံပရိယတ္တိ စာသင်တိုက်  ဆရာတော်ကြီး ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလခံယူတည်ဆောက်ကြပါသည်။  ဆရာတော် သံဃာတော်အရှင်သူမြတ်များ  ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ ဌာနအကြီးအကဲများနှင့်ဇနီးများက ဆရာတော် သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။ ထို့နောက် “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့ ဦးဆောင်၍ အခမ်းအနား တက်ရောက်လာကြသူများက  ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံပရိယတ္တိ စာသင်တိုက်  ဆရာတော်ကြီး အမှူးပြုသည့် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် ၂၀၀၆ ခုနှစ်မှ စတင်၍ အစဉ်အလာမပျက် နှစ်စဉ်လှူဒါန်းပူဇော်ခဲ့ခြင်းဖြစ်ကြောင်း  သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန