ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊ အရာရှိလောင်းဒီပလိုမာသင်တန်း အမှတ်စဉ်(၁၃) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်းဒီပလိုမာသင်တန်း အမှတ်စဉ်(၁၃) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ် မေလ ၁၆ရက်နေ့တွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး၊ လမ်းပန်းဆက်သွယ်ရေး၀န်ကြီး၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ တာ၀န်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းဆင်းအရာရှိလောင်း မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးကို ကျောင်းဆင်းတပ်ခွဲက အလေးပြုပြီး စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်ရေကြောင်းအရာရှိလောင်း ဒီပလိုမာသင်တန်းတွင် ထူးချွန်ဆုရရှိခဲ့ကြသော စံပြအရာရှိလောင်း(ရေကြောင်း) ဆုရ သုတစိုး၊ စံပြအရာရှိလောင်း(အင်ဂျင်နီယာ) ဆုရ ဟန်မင်းလတ်၊ ကုန်သွယ်ရေကြောင်းအရာရှိလောင်း စာပေထူးချွန်ဆုရ အားမာန်ဦးနှင့် အင်ဂျင်နီယာအရာရှိလောင်း စာပေထူးချွန်ဆုရ စွမ်းထက်အောင်တို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျောင်းဆင်းမိန့်ခွန်းပြောကြားရာ၌ နိုင်ငံတော်၏ ရေကြောင်းဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကုန်သွယ်ရေကြောင်းအရာရှိလောင်းများကို အားသစ်လောင်းကာ မွေးထုတ်ပေးနိုင်ခဲ့သည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်သည် သက်တမ်းအားဖြင့် ရွှေရတုနှစ် (၅၀)ပြည့်ခဲ့ပြီး စတင်တည်ထောင်ချိန်မှ ရွှေရတုကာလအထိ နိုင်ငံတော်အတွက် လိုအပ်သောရေကြောင်းပညာ မျိုးဆက်သစ်များကို စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးခဲ့သည့် သမိုင်းအစဉ်အလာကြီးမားခဲ့သော ရေကြောင်းဘက်ဆိုင်ရာ ကောလိပ်ကျောင်းကြီးတစ်ကျောင်းဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက် ကျောင်းဆင်းအရာရှိများသည် နိုင်ငံတကာ ရေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် ကျရာတာ၀န်များကို ထမ်းဆောင်လျက်ရှိကြပြီး ၀န်ကြီးဌာနတွင်ရှိသည့် ရေကြောင်းဘက်ဆိုင်ရာကဏ္ဍများကို တာ၀န်ယူဆောင်ရွက်နေကြသော ဌာနများတွင်လည်း နိုင်ငံ့၀န်ထမ်းအဖြစ် တာ၀န်ကျေပွန်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်အနေဖြင့် သင်တန်းဆင်းအရာရှိလောင်းများ၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် နိုင်ငံခြားသင်္ဘောကုမ္ပဏီများနှင့် သဘောတူစာချုပ်များချုပ်ဆိုပြီး ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ကျောင်းဆင်းအရာရှိလောင်းများ အားလုံးရာနှုန်းပြည့် အလုပ်အကိုင်ရရှိလျက်ရှိပါကြောင်း၊ ရေကြောင်းကုန်သွယ်ရေးကဏ္ဍသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိကအထောက်အကူပြုသည့်ကဏ္ဍဖြစ်ကြောင်း၊ ရေကြောင်းသွားလာရေးလုပ်ငန်းများအတွက် အရေးပါသည့် ရေကြောင်းပညာရှင်များမွေးထုတ်ပေးရာတွင် အရည်အချင်းပြည့်၀ပြီး နိုင်ငံအတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ပညာရှင်များဖြစ်အောင် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း၊ ကျောင်းဆင်းအရာရှိလောင်းများအနေဖြင့် ကုန်သွယ်ရေယာဉ်များပေါ်တွင် တာ၀န်ထမ်းဆောင်ရာ၌ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ဂုဏ်သိက္ခာ၊ မိခင်ကျောင်းတော်ကြီး၏ ဂုဏ်သတင်းများ အစဉ်ကောင်းမွန်အောင်ဆောင်ရွက်ကြရန် အလေးထား တိုက်တွန်းမှာကြားလိုကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေကြရန်၊ အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် နိုင်ငံသားကောင်း မျိုးဆက်သစ် ရေကြောင်းလူငယ်များဖြစ်အောင် ကြိုးစားကြရန်၊ မိမိနှင့် သက်ဆိုင်သည့် ပညာရပ်များကိုလည်း ခေတ်နှင့်အညီ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်အောင် စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရန်၊ ရေကြောင်းပညာဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရေး ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် သင်တန်းဆင်းအရာရှိလောင်းများမှ အလေးပြုခြင်းကိုခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာပါသည်။ စစ်ရေးပြအခမ်းအနားအပြီးတွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။