ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ (၁၄၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

နေပြည်တော် မေ ၁

          ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ (၁၄၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၈)နာရီတွင် မြန်မာ့မီးရထား ရုံးချုပ် နေပြည်တော် ဘူတာကြီးရှိ ပုဗ္ဗသီရိ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ အရာထမ်း/အမှုထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့သည် မြန်မာ့မီးရထား၏ (၁၄၅)နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ပထမဦးဆုံး ရထားလမ်းကို ၁၈၇၇ ခုနှစ် မေလ(၁) ရက်နေ့တွင် ရန်ကုန်-ပြည် ရထားလမ်းပိုင်း ၁၆၁ မိုင် ခရီးကို စတင် ပြေးဆွဲခဲ့ပါကြောင်း၊ ခေတ်စနစ်များ အမျိုးမျိုး ပြောင်းလဲလာသည်နှင့်အမျှ Burma Railway Company၊ မီးရထား ဘုတ်အဖွဲ့၊ ရထားပို့ဆောင်ရေး ကော်ပိုရေးရှင်း ဟု အမည်များ အဆင့်ဆင့် ပြောင်းလဲလာခဲ့ပြီး ၁၉၈၉ ခုနှစ် ဧပြီလ(၁) ရက်နေ့တွင် ရထားပို့ဆောင်ရေး ကော်ပိုရေးရှင်း အမည်မှ မြန်မာ့မီးရထား ဟု ပြောင်းလဲ ပြင်ဆင်ခဲ့ပါကြောင်း၊ မြန်မာ့မီးရထား ဖြတ်သန်းခဲ့သည့် (၁၄၅)နှစ် ခရီး တစ်လျှောက်တွင် ခေတ်စနစ်များ အမျိုးမျိုး ပြောင်းလဲခဲ့သော်လည်း မြန်မာ့မီးရထား ဝန်ထမ်းများ၏ ဇွဲ၊ လုံ့လ၊ ဝီရိယ တို့ဖြင့် ပို့ဆောင်ရေး လုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြသောကြောင့် နိုင်ငံတော်၏ ပို့ဆောင်ရေး လိုအပ်ချက်များကို ယခုတိုင် ဖြည့်ဆည်း ပေးနိုင်နေဆဲ ဖြစ်ပါကြောင်း၊ မြန်မာ့မီးရထား၏ ကောင်းမြတ်သည့် အစဉ်အလာများကို လက်ဆင့်ကမ်း ဆက်လက် ထိမ်းသိမ်း သွားကြရမည် ဖြစ်ပါကြောင်း၊ မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ၏ သွားလာရေးအတွက် ဝန်ဆောင်မှုကောင်းများ ဆောင်ရွက်ပေးရမည် ဖြစ်သကဲ့သို့ ခရီးသွား ပြည်သူများအပေါ် ဆက်ဆံရာတွင်လည်း ယဉ်ကျေး သိမ်မွေ့စွာ ပြောဆို ဆက်ဆံကြရန် လိုအပ်ပါကြောင်း၊ ဘေးအန္တရာယ် ကင်းရှင်း၍ ပြည်သူလူထု၏ စိတ်ချမ်းမြေ့စေမည့် ရထား ပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်စေရန် လိုအပ်ပါကြောင်း၊ ရထားစီး ခရီးသည်များ သက်တောင့်သက်သာ ခရီးသွားလာနိုင်ရန် ရထားလမ်းပိုင်းများ ကြံ့ခိုင် ကောင်းမွန်ရေးနှင့် စက်ခေါင်းများ၊ တွဲများ အရည်အသွေး ပြည့်မီ၍ စံချိန်စံညွှန်း ကောင်းမွန်စေရေး ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ရထား ဘေးအန္တရာယ် ကင်းရှင်းရေး၊ အချိန် မှန်ကန်ရေး၊ ကုန်ပစ္စည်းများ လေလွင့် ဆုံးရှုံးမှု မရှိစေဘဲ လိုရာခရီးကို ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ရေး တို့အတွက် အလေးထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အနာဂတ်တွင် လျှပ်စစ်ရထား စနစ်ကို အသုံးပြုနိုင်ရန် ကြိုတင် စဉ်းစား ဆောင်ရွက်ရေး၊ စက်ခေါင်းနှင့် တွဲများ တည်ဆောက်ရေးအတွက် ပြည်ပမှ လိုအပ်သော ပစ္စည်းများ ဝယ်ယူနေရမှုကို တစ်ဖြည်းဖြည်း လျှော့ချပြီး ပြည်တွင်း၌ အစားထိုး ထုတ်လုပ် အသုံးပြုနိုင်ရေး၊ မြန်မာ့မီးရထားတွင် Research and Development Center တစ်ခု ထူထောင်နိုင်ရေး စသည်တို့ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဆောင်ပုဒ် ဖြစ်သည့် “ပို့ဆောင်ဆက်သွယ် ပြည်ကျိုးရွယ်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ခရီးသည်နှင့် ကုန်စည်များကို လုံခြုံ ချောမွေ့စွာ သယ်ယူ ပို့ဆောင်ပေးရေး ရည်မှန်းချက် ထားရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

          ဆက်လက်၍ မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူးက ဌာန ဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြပြီးနောက် မြန်မာ့မီးရထား၏ (၁၄၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မှတ်တမ်း ဗွီဒီယိုအား ပြသပါသည်။  

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ တစ်နှစ်တာ ကာလအတွင်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည် ပုဂ္ဂိုလ်များအား ချီးမြှင့်သည့် ဂုဏ်ထူး‌ဆောင် တံဆိပ်များအနက် ရဲဗလ တံဆိပ်ရရှိသူ အရာထမ်း၊ အမှုထမ်း(၈)ဦးတို့အား ထပ်ဆင့် ဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာများကို ပေးအပ်ပြီး သင်တန်းအသီးသီးတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ပါသည်။

          ဂုဏ်ပြုဆု ချီးမြှင့်ခံရသူများ ကိုယ်စား ဝန်ထမ်းတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြော ကြားကာ စုပေါင်း အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

           ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုပ္ဗသီရိ မင်္ဂလာခန်းမတွင်းရှိ မြန်မာ့မီးရထား ပြခန်းအတွင်း ခင်းကျင်း ပြသထားသော ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် ရထား စက်ခေါင်းများ၊ တွဲများ၏ ပုံစံတူများ၊ အချက်ပြ ဆက်သွယ်ရေးသုံး ကိရိယာများ၊ အချက်ပြ စနစ်ဆိုင်ရာ ပစ္စည်းများ၊ သံလမ်းနှင့်၊ ဇလီဖားတုံးများ၊ သမိုင်းဝင် မှတ်တမ်း ဓါတ်ပုံတို့ကို ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

         

မြန်မာ့မီးရထား