ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း လက်အောက်ဌာနများရှိ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်)၏ မိုးလေဝသရေဒါစခန်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ရတနာပုံသင်္ဘောကျင်းသို့ ကြည့်ရှုစစ်ဆေး

(၁-၁၀-၂၀၂၂)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် အောက်တိုဘာ ၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်)၏ မိုးလေဝသရေဒါစခန်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး လက်အောက်ရှိ ရတနာပုံသင်္ဘောကျင်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကြေးနီကန်ကျေးရွာ အနီးတည်ရှိသော မိုးလေဝသရေဒါစခန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ ထို့နောက် ရှင်းလင်းခန်းမတွင် ရေဒါစခန်းတာဝန်ခံက လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပြီး Radar ၏ စွမ်းဆောင်နိုင်မှု စွမ်းအားပြည့် ရရှိရေးအတွက် သတ်မှတ်ထားသော အပတ်စဉ်၊ လစဉ် စသည်ဖြင့် စစ်ဆေးသွားရမည့် လုပ်ငန်းများကို မပျက်မကွက် ပုံမှန်စစ်ဆေးဆောင်ရွက်သွားရေးနှင့် စစ်ဆေးမှု မှတ်တမ်းများ စနစ်တကျထားရှိရေး၊ စက်ပစ္စည်းချို့ယွင်းမှုရှိပါက အချိန်နှင့်တစ်ပြေးညီ ပြုပြင်နိုင်ရေးအတွက် ဆောင်ရွက်သွားရေး၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် သတ်မှတ် ထုတ်ပြန်ချက်များနှင့်အညီ လိုက်နာနေထိုင်သွားရေးတို့ကို မှာကြားခဲ့ပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ရေဒါ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဝန်ထမ်း အိမ်ရာတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ရေဒါစခန်းဝင်းအတွင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်း သပ်ရပ်မှုရှိစေရေး ပုံမှန်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆို ခဲ့ကြသည်။ ယင်းနောက် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ရှင်းလင်းခန်းမဆောင်တွင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ လေဆိပ်တာဝန်ခံနှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေဆိပ်ဝန်ဆောင် မှု လုပ်ငန်းများဆောင်ရွက်လျက်ရှိသော လေကြောင်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်နှင့် ကျန်းမာရေးဌာနတို့မှ တာဝန်ရှိသူများက လက်ရှိဆောင်ရွက်လျက်ရှိသော လေဆိပ်လုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့‌နောက် ဒုတိယဝန်ကြီးသည် လေဆိပ်အဆောက်အဦအတွင်းရှိ ခရီးသည်များ ဆိုက်ရောက်/ထွက်ခွာနေမှု အခြေအနေများ၊ ပြည်တွင်း/ ပြည်ပ လေယာဉ်ခရီးစဉ်များအတွက် ကိုဗစ်-၁၉ ဆိုင်ရာ ကြိုတင်ကာကွယ်ရေး  ဆောင်ရွက်နေမှု အခြေအနေများ၊ Airport Surveillance Radar-ASR ရေဒါတပ်ဆင်နိုင်ရေးအတွက် လက်ရှိဆောင်ရွက်ထားမှု အခြေအနေများ၊ လက်ရှိအသုံးပြုလျက်ရှိသော ရေဒါအမှတ်(၂)နှင့် လေကြောင်းထိန်း မျှော်စင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရတနာပုံသင်္ဘောကျင်းသို့ ရောက်ရှိရာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ အထွေထွေမန်နေဂျာ ဦးဆောင်ပြီး တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ ထို့နောက်အစည်းအဝေးခန်းမတွင် ရတနာပုံသင်္ဘောကျင်း အင်ဂျင်နီယာမှူးကြီးက ရေယာဉ်များ လွန်းတင်ပြင်ဆင်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ရတနာပုံသင်္ဘောကျင်းရှိ စက်ရုံ၊ အလုပ်ရုံများနှင့် သင်္ဘောကျင်း ဝင်းအတွင်းရှိ ပတ်လမ်းများ၊ လွန်းလမ်းများ အစဉ်သန့်ရှင်းသပ်ရပ်မှုရှိအောင် ဆောင်ရွက်ထားရန်၊ ရေယာဉ်များအား ကုန်တင်ရာတွင် Ship Stability အတွက် Weight and Balance ကို ဂရုပြု ဆောင်ရွက်ရန်၊ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေး ကိစ္စများကို တတ်နိုင်သ၍ ဆောင်ရွက်ပေးရန်၊ ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)များ ပုံမှန်ပြုလုပ်ပြီး တင်ပြလာ သည့် အခက်အခဲများကို ဖြေရှင်းပေးသွားရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသော SOP များနှင့်အညီ ရုံးဌာန၊ အလုပ်ရုံများတွင် အလေးထား လိုက်နာ ကျင့်သုံးစေရေး အဆင့်အလိုက် ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် နိုင်ငံ့ဝန်ထမ်းသစ္စာဓိဌာန် (၆) ချက် တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများ ပီသစွာဖြင့် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းအောင်နေထိုင်ရေး၊ ပေးအပ်သော အမိန့်နှင့်တာဝန်များကို ဦးလည်မသုန် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး  ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ရတနာပုံသင်္ဘောကျင်း အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သိရှိလိုသည်များ မေးမြန်းဆွေးနွေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန