ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ကျော်ထွန်းသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရှိ ဒလသင်္ဘောကျင်းနှင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇွန် ၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဒလသင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဒလသင်္ဘောကျင်း အင်ဂျင်နီယာမှူးကြီးက နိုင်ငံတော်အကြီးအကဲနှင့် ပြည်ထောင်စုဝန်ကြီးတို့၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ဒလသင်္ဘောကျင်း၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များ အပေါ် ဒုတိယဝန်ကြီးက မှာကြားရာ၌ မေလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၃) အစည်းအဝေး၌ နိုင်ငံတော်အကြီးအကဲက ပြည်သူ့ပို့ဆောင်ရေးစနစ်ဖြစ်သည့် ရေကြောင်းပို့ဆောင်ရေးတွင် အဓိကကျသော သင်္ဘောများ လုံခြုံချောမွေ့စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့်ပြေးဆွဲနိုင်ရေးနှင့် သင်္ဘောများ ကြံ့ခိုင်ကောင်းမွန်မှုရှိအောင် ဆောင်ရွက်ရေး မှာကြားထားပါကြောင်း၊ ထို့ကြောင့် အကြီးအကဲ၏ လမ်းညွှန်ချက်များအပေါ် ဘဏ္ဍာရေးနှစ်အလိုက် စီမံချက်များချမှတ်ပြီး လျာထားအကောင်အထည်ဖော် ဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်ရွက်မှုများ နှင့်ပတ်သက်၍ တာဝန်ရှိသူအဆင့်ဆင့်က အနီးကပ်ကြီးကြပ် ဆောင်ရွက်ပြီး လုပ်ငန်းများလျာထားချက်အတိုင်း အချိန်မီ ဆောင်ရွက်ပြီးစီးနိုင်ရေး အလေးထား ဆောင်ရွက်သွားကြရန်၊ အချင်းချင်းစည်းလုံးညီညွတ်မှုရှိရန်၊ ပါတီနိုင်ငံရေးနှင့် ကင်းရှင်းစွာနေထိုင်ရန်၊ နိုင်ငံတော်ပိုင်ပစ္စည်းဥစ္စာနှင့် ဘဏ္ဍာငွေများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ထုတ်ပြန်ထားသော စံသတ်မှတ်ချက်များနှင့်အညီ ဂရုပြုဆောင်ရွက်ကြရန်နှင့် မိုးရာသီရောက်ရှိလာပြီဖြစ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် စီမံချက်ပါအတိုင်း စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်လိုကြောင်း မှာကြားခဲ့ပြီး  ဒလသင်္ဘောကျင်းရှိ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ဒလသင်္ဘောကျင်းရှိ ရေယာဉ်ပြင်ဆင်နေမှု အခြေအနေများ၊ စက်ရုံ၊ အလုပ်ရုံနှင့် လွန်းလမ်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးသည် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့ သွားရောက်ခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူးက မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ ရေယာဉ်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းနှင့် အခြားလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို  ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် (၃၀) ပါးနှင့်အညီ လိုက်နာနေထိုင်သွားကြရန်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက်ရန်နှင့် လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်း ပြည့်မီစွာဖြင့် ပြီးစီးအောင် ဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့ပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးသည် တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်းတွင် ကမ်းရိုးတန်းသွား တွဲရေယာဉ် (၂)စီး လွန်းတင်ပြုပြင်နေမှုအခြေအနေ၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု“စံ” သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့က  ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနအဖြစ် အသိအမှတ်ပြုထားသည့် မြန်မာ့သင်္ဘောကျင်း လုပ်ငန်း၊ ဂဟေလေ့ကျင့်ရေးသင်တန်းကျောင်းတွင် ဂဟေပညာရပ် လက်တွေ့သင်ကြားလေ့ကျင့်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန