ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ(နေပြည်တော်) သို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ကြည့်ရှုစစ်ဆေး

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၉) ရက်

နိုင်ငံတော်စီမံအုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဩဂုတ်လ(၉)ရက်နေ့တွင် နေပြည်တော် နယ်မြေရှိ မြန်မာ့မီးရထား၊ စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ပထမဦးစွာ စက်ရုံအစည်းအဝေးခန်းမတွင် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက စက်ရုံ၏ နောက်ခံသမိုင်းနှင့် ဒီဇယ်လျှပ်စစ် စက်ခေါင်းသစ်များ တပ်ဆင်ထုတ်လုပ်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက စက်ခေါင်းများ လက်ရှိသုံးစွဲနိုင်မှု အခြေအနေ၊ အနာဂတ်ရည်မှန်းချက်နှင့် စက်ခေါင်းများ ထပ်မံလိုအပ်မှုအခြေအနေတို့ကို ကြိုတင်မျှော်တွေး၍ စက်ခေါင်းအမျိုးအစား၊ အရေအတွက်တို့ကို  လက်တွေ့ကျစွာ လျာထားတပ်ဆင်ထုတ်လုပ်နိုင်ရန် စီမံ ဆောင်ရွက်သွားရေး၊ စက်ရုံကြီး၌ တပ်ဆင်ထားသော စက်ကိရိယာပစ္စည်းများ၊ ကျွမ်းကျင်ဝန်ထမ်းများ၏ အတွေ့အကြုံများကို အသုံးချ၍ နောင်တွင် စက်ခေါင်းသစ်တပ်ဆင်တည်ဆောက်မှုလုပ်ငန်းများကို ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်သွားနိုင်အောင် ကြိုးပမ်းသွားရေး၊ ပစ္စည်းလိုအပ်ချက်အပေါ်တွင်လည်း ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ ပြည်တွင်း၌ ထုတ်လုပ်၊ ဝယ်ယူရရှိနိုင်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ နိုင်ငံခြားငွေ သုံးစွဲရမှုအခြေအနေကို အတတ်နိုင်ဆုံး ချွေတာနိုင်စေရေး၊ ပစ္စည်းဝယ်ယူရေး တင်ဒါလုပ်ငန်းစဉ်များတွင်လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဂရုပြုဆောင်ရွက်ကြရေး၊ စက်ရုံ၏ လုံခြုံရေး၊ ဝန်ထမ်းများ၏ လုံခြုံရေးကိစ္စများကိုလည်း အလေးအနက်ထား ဆောင်ရွက်သွားရေး စသည်တို့ကို လမ်းညွှန်မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်စက်ခေါင်းသစ် တပ်ဆင် ထုတ်လုပ်ရေးစက်ရုံအတွင်းရှိ စက်ခေါင်းသစ်အတွက် လိုအပ်သည့် ကိုယ်ထည်နှင့် ဘီးဘိုဂီ အစိတ်အပိုင်းများ ထုတ်လုပ်နေမှုအခြေအနေ၊ တပ်ဆင်ထုတ်လုပ်ပြီးစီးနေပြီဖြစ်သည့် ဒီဇယ်လျှပ်စစ် စက်ခေါင်းသစ် DF-1273 နှင့် တပ်ဆင်ထုတ်လုပ်ဆဲ စက်ခေါင်းသစ် (၂)လုံးတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးပြီးနောက် လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါ သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန