ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် ခရီးသွားလာမှု အဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးတို့အတွက် လူစီးရထားနှင့် ကုန်ရထားများ ပြေးဆွဲ

နေပြည်တော်၊ ဇူလိုင် ၁၉ ရက်

          မြန်မာ့မီးရထားက ပြည်သူများ ခရီးသွားလာမှု လွယ်ကူ အဆင်ပြေစေရေးနှင့် ကုန်စည်များ ပို့ဆောင်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားများ ပြေးဆွဲပေးခြင်းအား  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Standard Operation Procedure-SOP လမ်းညွှန်ချက်နှင့်အညီ ဘူတာအဝင်နှင့် ရထားများပေါ်တွင် ခရီးသည်များ၏ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ဘူတာအဝင်ရှိ လက်ဆေးခုံများတွင် လက်ဆေးစေခြင်း၊ Mask တပ်ပြီးမှ ဘူတာ အတွင်းနှင့် ရထားပေါ်သို့ တက်ရောက်စေခြင်း၊ Social Distancing အတွက် တွဲများပေါ်တွင် (၂)ယောက် ထိုင်နိုင်သော ထိုင်ခုံ(၁)ခုံ၌ ခရီးသည် (၁)ဦးသာ ရောင်းချစေခြင်း၊ သတ်မှတ် ခရီးသည်ဦးရေမှ အပ ထိုင်ခုံမဲ့ လုံးဝ မရောင်းစေခြင်းတို့ကို စီစဉ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

          ယခုကာလတွင် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန် ရုံးပိတ်ရက်ကာလများအတွင်း ပြည်သူများ မဖြစ်မနေ သွားလာမှုများ အဆင်ပြေစေရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်-မန္တလေး လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်း၊ ရန်ကုန်-ပြည် လမ်းပိုင်း တို့တွင် အစုန်/အဆန် စာပို့ရထား/အမြန်ရထားများ ကိုလည်းကောင်း၊ မန္တလေး-ကန့်ဘလူ လမ်းပိုင်း နှင့် ရန်ကုန်မြို့ပတ် လမ်းပိုင်း တို့တွင် RBE ရထားများဖြင့်လည်းကောင်း၊ ပုံမှန် ပြေးဆွဲပေးလျက် ရှိ‌ကြောင်းနှင့် ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် အမှတ်(၁)အဆန် (၂)အစုန် စာပို့ရထားအား ပါဆယ်တွဲနှင့် ကုန်တွဲများ ချိတ်ဆက်လျက် နေ့စဉ် စုန်/ဆန် ပြေးဆွဲပြီး ပါဆယ်နှင့် ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်ပေးခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကျောက်အမျိုးမျိုးအား ကျောက်ရထားများဖြင့် သိမ်ဇရပ်- ဇင်းကျိုက် တို့မှ မလွှကုန်းထိ ပို့ဆောင် ပြေးဆွဲပေးခြင်း၊ ရန်ကုန်-မန္တလေးကြား ကုန်သေတ္တာတင် ရထားများ ပြေးဆွဲပေးခြင်းနှင့် ကုန်ပစ္စည်း တင်ပို့ရန် တွဲတောင်းခံလာမှုအပေါ် မူတည်၍ အခါအားလျော်စွာ ကုန်ရထားများ ဖွဲ့ဆင် ပြေးဆွဲပေးလျက်ရှိပါ ကြောင်း ခရီးသွား မိဘပြည်သူများအား အသိပေးအပ်ပါသည်။     

 

မြန်မာ့မီးရထား