ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံများ၊ တိုင်းပို့ဆောင်ရေးအရာရှိများ၊ အင်ဂျင်နီယာမှူး(မြို့ပြ) များတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်ခြင်း

နေပြည်တော်၊ ၂၀၂၂ခုနှစ်၊ ဧပြီလ(၂၂)ရက်

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံများ၊ တိုင်းပို့ဆောင်ရေးအရာရှိများ၊ အင်ဂျင်နီယာမှူး (မြို့ပြ)များတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ (၂၂)ရက်နေ့ (၁၄၀၀)နာရီတွင် နေပြည်တော် ဘူတာ၊ မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

          အဆိုပါ အစည်းအဝေးကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဝန်ကြီး(ရထားပို့ဆောင်ရေး)၊ အမြဲတမ်းအတွင်းဝန် (ပို့ဆောင်ရေး)၊ ဒုတိယအမြဲတမ်းအတွင်းဝန်(ကုန်းလမ်း)၊ မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ မြန်မာ့မီးရထားတိုင်း(၁၁)တိုင်းမှ တိုင်းတာဝန်ခံများ၊ တိုင်းပို့ဆောင်ရေး အရာရှိများ၊ အင်ဂျင်နီယာမှူး(မြို့ပြ)များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတကာတွင် ရထားပြေးဆွဲရာ၌ ရထားလမ်း ဝဲ/ယာသန့်ရှင်းသပ်ရပ်စွာဆောင်ရွက်ထားရှိမှု၊ ရထားလမ်းပိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှု Video ပြသမှုအား ကြည့်ရှုပါသည်။ ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့မီးရထားသည် ရထားပြေးဆွဲရေးလုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်ရသည့် ဌာနဖြစ်၍ ခရီးသည်များလိုရာခရီးသို့ လုံခြုံချောမွေ့စွာရောက်ရှိစေရေး လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ရန်၊ ရထားပြေးဆွဲရာတွင် ရထားများအချိန်မှန်ကန်မှု ရှိစေရေး၊ ဘူတာများ သန့်ရှင်းသာယာလှပစေရေး၊ ရှေးဟောင်းဘူတာ အဆောက်အဦများ ရှေးမူမပျက် ထိန်းသိမ်းဆောင်ရွက်ရေး၊ ဘူတာအဆောက်အဦများ ရေရှည် တည်တံ့ ခိုင်မြဲစေရေးပြုပြင် ထိန်းသိမ်းမွမ်းမံဆောင်ရွက်ရေး၊ ရထားဥပဒေနှင့်အညီ ရထားလမ်း ဝဲ/ယာ(၇၅)ပေ ရှင်းလင်း နိုင်ရေး၊ ရထားလမ်းကြံ့ခိုင်ကောင်းမွန်စေရေး၊ လမ်းခင်းကျောက်များဖြည့်တင်းခြင်း၊ သံလမ်းများ လဲလှယ်ခြင်း၊ ကွန်ကရစ်ဇလီဖားတုံးများလဲလှယ်ခြင်းစသည့် လုပ်ငန်းများကို စံချိန်စံညွှန်းများနှင့် အညီ တိကျစွာ လိုက်နာဆောင်ရွက်ရေး၊ ရထားလမ်း ဝဲ/ယာ ခြုံ/နွယ်များ ရှင်းလင်းစေရေး ကိစ္စရပ်များကို လမ်းညွှန်မှာကြားပါသည်။

          ဆက်လက်၍ အစည်းအဝေး အစီအစဉ်အရ တိုင်းအမှတ်(၁)မှ တိုင်းအမှတ်(၁၁)ထိ တိုင်းတာဝန်ခံများ၊ တိုင်းပို့ဆောင်ရေးအရာရှိများ၊ အင်ဂျင်နီယာမှူး(မြို့ပြ)များက တိုင်းအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ရထားများပြေးဆွဲမှုအခြေအနေ၊ ရထားလမ်းပိုင်းကြံ့ခိုင် ကောင်းမွန်စေရေးဆောင်ရွက်မှု အခြေအနေနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အခြေအနေများကို တင်ပြခဲ့ပါသည်။

          ထို့နောက် တိုင်းအရာရှိများ၏ တင်ပြချက်များအပေါ် အထွေထွေမန်နေဂျာများက ဖြည့်စွက် ဆွေးနွေးတင်ပြခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း လမ်းညွှန် မှာကြားပါသည်။

          ဆက်လက်၍ မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယဝန်ကြီး(ရထားပို့ဆောင်ရေး) တို့က တင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက တိုင်းအဆင့်အရာထမ်းများအနေဖြင့် ရထားလုပ်ငန်း များပုံမှန်ဆောင်ရွက်နိုင်ရေး၊ ကိုယ့်တိုင်းကိုယ့်နယ်မြေအတွင်း အောက်ခြေအဆင့်ထိ ထိတွေ့ပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးသတိ၊ လုံခြုံရေးအသိရှိပြီးဆောင်ရွက်ကြရန်၊ ရထားများပြေးဆွဲရာတွင် အချိန်မှန်ကန်မှုရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ ရထားလမ်းများ တွဲ၊ စက်ခေါင်းများကြံ့ခိုင်ကောင်းမွန်စေရေး၊ ရထားပိုင်ပစ္စည်းများ မသမာသူများ ဖျက်ဆီးခိုးယူမှုများ မရှိစေရေး၊ လုံခြုံရေးအစီအမံများ ဆောင်ရွက်သွားရန်၊ ရထားလုပ်ငန်းများ တိုးတက်အောင်မြင်စေရေး၊ အထက်အောက်စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်း အားထုတ်ဆောင် ရွက်ကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့် ပတ်သက်၍ လိုက်နာရ မည့်စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဌာနပိုင်မြေများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် သွားရန်နှင့် ဝန်ကြီးဌာနအနေဖြင့် အခြားဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မှာကြားခဲ့သည်ကို သတင်းရရှိပါသည်။

 

မြန်မာ့မီးရထား