ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ရန်ကုန်မြို့ရှိ ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ ရေဒီယိုလှိုင်းနှုန်း တိုင်းတာရေးစခန်း၊ ဂြိုဟ်တုမြေပြင်စခန်း၊ Data Center, Call Center နှင့် စက်ခေါင်းစက်ရုံ(အင်းစိန်)တို့အား စစ်ဆေး

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ (၃၀)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း) တိုးကြောင်ကလေးရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ရေဒီယိုလှိုင်းနှုန်း တိုင်းတာရေး အခြေစိုက်စခန်း (တောင်ဒဂုံ)သို့ ရောက်ရှိလာရာ ဌာနတာဝန်ရှိသူ များက ကြိုဆိုကြပြီး  တပ်ဆင်ထားသည့် စက်ပစ္စည်းများနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်း တင်ပြရာတွင် ပြည်ထောင်စုဝန်ကြီးက လှိုင်းနှုန်းစဉ်များ တစ်ခုနှင့်တစ်ခု နှောက်ယှက်မှု မရှိစေရေး တိုင်းတာစစ်ဆေးပြီး သုံးစွဲသူ ပြည်သူလူထု စိတ်ချမ်းမြေ့ အဆင်ပြေစေရေး၊ တရားမဝင် လှိုင်းနှုန်း အသုံးပြုသူများ မရှိစေရေး၊ လှိုင်းနှုန်း သုံးစွဲမှုဆိုင်ရာ အချက်အလက်များအား စနစ်တကျ မှတ်တမ်းတင်ထားရှိရေး၊ စက်ပစ္စည်းများ ရေရှည်သက်တမ်းစေ့ သုံးစွဲနိုင်ရေး၊ လုံခြုံမှုရှိစေရေး၊ ဝန်ထမ်းများ စွမ်းဆောင်ရည် ပြည့်ဝစေရေးတို့ကို အမြဲမပြတ် ကြီးကြပ် ဆောင်ရွက်ကြရန် မှာကြားကာ ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ပါသည်။

ယင်းနောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တိုးကြောင်ကလေး ဂြိုဟ်တုမြေပြင်စခန်းသို့ ရောက်ရှိကာ တာဝန်ရှိသူများက စခန်းအတွင်း တပ်ဆင်ထားရှိသည့် ဂြိုဟ်တုဆက်သွယ်ရေး စက်ပစ္စည်းများနှင့် ချိတ်ဆက်ထားသည့် ဆက်ကြောင်းများ၊ ဝေးလံ၍ သွားလာရန်ခက်ခဲသော ဒေသ များတွင် မိုလ်ဘိုင်းဆက်သွယ်ရေးစနစ် ရရှိရေးအတွက် ချိတ်ဆက်ထားမှု အခြေအနေတို့ကို ရှင်းလင်း တင်ပြမှုအပေါ်  ပြည်ထောင်စုဝန်ကြီးက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဦးတည်ချက်ဖြစ်သည့် သုံးစွဲသူများ အားထားရသော အော်ပရေတာများဖြစ်စေရေး၊  ဆက်သွယ်ပေးနိုင်မှု၊ ဆန်းသစ်တီထွင်မှု နှင့် သာလွန်ကောင်းမွန်မှုတို့အတွက် အထူးအလေးထားဆောင်ရွက်ရေး၊ ပြည်သူလူထုက သုံးစွဲနိုင် သည့်  တတ်နိုင်သော နှုန်းထား၊ အခွန်အခများ ဖြစ်စေရေး၊ စက်ပစ္စည်းများ ရေရှည် ကောင်းမွန်စေရေး၊ ဝေးလံသော ဒေသများအတွက် ဂြိုဟ်တု ဆက်သွယ်ရေး စနစ်သည် အဓိကကျသဖြင့် နိုင်ငံပိုင် Myanmar Satellite2 ဆက်ကြောင်းများကိုလည်း အကျိုးရှိရှိ အသုံးပြုနိုင်ရေး လိုအပ်သည်များ မှာကြား ဖြည့်ဆည်းပေးပြီး ဝန်ထမ်းများအား လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သိုလှောင်ရုံ (Ware house) သို့ ရောက်ရှိ စစ်ဆေးပြီးနောက် ပြည်ထောင်စုဝန်ကြီးက စက်ပစ္စည်းများ သိုလှောင် ထိန်းသိမ်းမှုစနစ်ကို သတ်မှတ်စံနှုန်းများနှင့်အညီ စနစ်တကျ ထိန်းသိမ်းရေး၊  ဖြန့်ဖြူးထောက်ပံ့နိုင်ရေး၊ ပစ္စည်းများ လုံခြုံရေး၊ မီးဘေး ကြိုတင်ကာကွယ်ရေး အစီအမံများအတိုင်း ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ရေး တို့ကို မှာကြားပြီး ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

ယင်းနောက် နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စမ်းချောင်းမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဟံသာဝတီ Data Center သို့ ရောက်ရှိလာရာ တာဝန်ရှိသူမှ လုပ်ငန်းဆိုင်ရာ ကိစ္စများကို ရှင်းလင်းတင်ပြရာတွင် ပြည်ထောင်စုဝန်ကြီးက ဒေတာစင်တာများသည် သတင်းအချက်အလက်ခေတ်တွင် လွန်စွာ အရေးပါသဖြင့် ပြတ်တောက်မှုမရှိ၊ အချိန်ပြည့် အသုံးပြု နိုင်ရေးအတွက် အရန်ဓါတ်အားပေးစက်များ အမြဲကောင်းမွန်နေစေရေး၊ အရန်ဆက်ကြောင်းများဖြင့် ချိတ်ဆက်နိုင်ရေး၊ စက်ပစ္စည်းများ၏ စွမ်းဆောင်မှုအရည်အသွေးများ စံချိန်စံညွှန်းအတိုင်း ကောင်းမွန်စွာ အသုံးပြုနိုင်ရေး၊ ဒေတာစင်တာ လုံခြုံရေးစီမံချက်နှင့် မီးဘေးလုံခြုံရေးစီမံချက်များ ရေးဆွဲ ဆောင်ရွက်ရေး၊  ဝန်ထမ်းများ ကျန်းမာရေး သတ်မှတ်စည်းကမ်းများကို တိကျစွာလိုက်နာရေးတို့ကို လမ်းညွှန် မှာကြားပြီးနောက် စက်ခန်းများကို စစ်ဆေးပြီး၊ ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

ထိုမှတစ်ဆင့် နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့မီးရထား၏ စက်ခေါင်း စက်ရုံ(အင်းစိန်)သို့ ရောက်ရှိလာရာ စက်ရုံအထွေထွေမန်နေဂျာက အထက်အကြီးအကဲများ လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ ရှင်းလင်း တင်ပြပါသည်။ ၎င်းနောက် စက်ရုံလုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးကာ စက်ရုံ၏ လုံခြုံရေး၊ စနစ်တကျရှိရေး၊ လေဝင်လေထွက်များ ကောင်းမွန်စေရေး၊ သန့်ရှင်းသပ်ယပ်မှု ရှိစေရေး၊ လုပ်ငန်းဆိုင်ရာမှတ်တမ်းများ စနစ်တကျထားရှိရေး လိုအပ်ချက်များ မှာကြားပြီး ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ပါသည်။ ၎င်းနောက် မြန်မာ့မီးရထားဆေးရုံ(အင်းစိန်) သို့ရောက်ရှိရာ မြန်မာ့မီးရထားဆရာဝန်ကြီးက ဝန်ထမ်းများတာဝန် ထမ်းဆောင်မှု အခြေအနေ၊ ဆေးရုံသုံးပစ္စည်းနှင့် ဆေးဝါးပစ္စည်းများရရှိ သုံးစွဲမှုအခြေအနေ၊ ဝန်ထမ်းများနှင့်မိသားစုများ၊ ပြည်သူလူထုအား နေ့စဉ် ဆေးကုသပေးနိုင်မှုအခြေအနေတို့ကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ပေးပါသည်။ ဆက်လက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်းစိန်ဆေးရုံအတွက် အလှူငွေများ ပေးအပ် လှူဒါန်းရာ ဆရာဝန်ကြီးက  လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန