ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း (၂၀၂၂)ခုနှစ်၊ ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ (၂၉)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် စက်တင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)တွင် ကျင်းပသည့် “၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ (World Maritime Day 2022 ) အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကားပြောကြား ခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော် မြို့နယ်၊ ပန်းဆိုးတန်းလမ်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)သို့ ရောက်ရှိလာရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနအကြီးအမှူးများက ကြိုဆိုကြပါသည်။ “၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပင်လယ် ရေကြောင်းနေ့” အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ဌာန အကြီးအမှူးများ၊  တာဝန်ရှိသူများ၊ ရေကြောင်းဘက်ဆိုင်ရာ ပြည်တွင်းအဖွဲ့အစည်းများဖြစ်သော ပင်လယ်ရေကြောင်း သင်္ဘောလိုင်းကုမ္ပဏီများ၊ မြန်မာသင်္ဘောသားများ အဖွဲ့အစည်း၊ ဆိပ်ကမ်းဝန်ဆောင်မှု ကုမ္ပဏီများ၊ ရေကြောင်းဆိုင်ရာ သင်တန်းကျောင်းများ၊ ပြည်တွင်းရေကြောင်းသွား ရေယာဉ်ပိုင်ရှင်အသင်း စသည်တို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ကြပါသည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အထိမ်းအမှတ် အခမ်းအနားများအား အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) မှ ကြီးမှူး၍ ရေကြောင်းဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ရေကြောင်းပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ကိစ္စရပ်များအပေါ် အထူးဂရုပြု ဆောင်ရွက်လာနိုင်စေရေးအတွက် အဖွဲ့ဝင်နိုင်ငံများတွင် နှစ်စဉ် တစ်ပြိုင်တည်း ကျင်းပကြပြီး၊ မြန်မာနိုင်ငံအနေဖြင့်လည်း ယနေ့ကျင်းပ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ရေကြောင်းနှင့် ဆိပ်ကမ်းဆိုင်ရာ အဆောက်အဦများတွင် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အထိမ်းအမှတ် ရောင်စုံမီးများကိုလည်း ဂုဏ်ပြု ထွန်းညှိသွားမည်ဖြစ်ပါကြောင်းနှင့် ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ပင်လယ် ရေကြောင်းနေ့ အထိမ်းအမှတ် ဆောင်ပုဒ်သည် “ရေကြောင်းပတ်ဝန်းကျင် စိမ်းလန်းဖို့ နည်းပညာသစ် များ အသုံးပြုစို့ (New Technologies for Greener Shipping)” ဟူ၍ ဖြစ်ပါကြောင်း၊ ရေရှည် တည်တံ့ ဖွံ့ဖြိုး၍ ပိုမိုစိမ်းလန်းသော ရေကြောင်းလုပ်ငန်းကို အသုံးပြုခြင်းသည် ရေကြောင်းဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းသစ်များနှင့် အလုံးစုံ တိုးတက်စေရေးအတွက် အလားအလာများစွာကို ဖော်ဆောင်ပေးပါကြောင်း၊ ဤသို့ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် နည်းပညာသာမက ဘဏ္ဍာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးလာဖို့သည်လည်း မလွဲမသွေ လိုအပ်ပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်များအနေဖြင့်လည်း ရန်ပုံငွေနှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာများကို ထိရောက်အောင် ကူညီပံ့ပိုးပေးရန်၊ ဖွံ့ဖြိုးဆဲ နိုင်ငံအချင်းချင်း သော်လည်းကောင်း၊  ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံတို့အကြားတွင်လည်းကောင်း နည်းပညာများ လက်ဆင့်ကမ်း၍ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရေရှည်စိမ်းလန်း၍ တည်တံ့သော ရေကြောင်းအနာဂတ်အတွက် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ IMO အတွင်းရေးမှူးချုပ် Mr. Kitack Lim ထံမှ ပေးပို့သော Video Message ကို ပြသခဲ့ပါသည်။ အခမ်းအနားပြီးစီးချိန်တွင်ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်တို့က တက်ရောက်လာကြသူများနှင့် ဧည့်သည်တော်များအား ရင်းနှီးစွာ နှုတ်ဆက်ပါသည်။

၎င်းနောက် နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(ရုံးချုပ်)သို့ ရောက်ရှိလာရာ ဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ကြိုဆိုကြပြီး ဌာနအလိုက်မှ တာဝန်ခံများက လုပ်ငန်းဆိုင်ရာ စွမ်းဆောင်နိုင်မှု အခြေအနေများကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လက်ရှိ‌ဈေးကွက်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရရှိထားသည့်အဆင့်ကို ရေရှည်ထိန်းသိမ်းနိုင်ရေး၊ အသေးစား၊ အလတ်စား စီးပွားရေးကုမ္ပဏီများနှင့် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ပြီး Business to Business ဝန်ဆောင်မှုများ ဆက်လက် တိုးချဲ့ဆောင်ရွက်ရေး၊  ပိုမိုအောင်မြင် ဖြစ်ထွန်းရေး အတွက် မဟာဗျူဟာထားရှိ အကောင်အထည်ဖော်သွားရေး၊ Sim Card စနစ်တကျ မှတ်ပုံတင်ရမည့် မူဝါဒသတ်မှတ်ချက်များကို အလေးအနက်ထား၍ တိကျစွာ စိစစ်ဆောင်ရွက်ပေးရေး လမ်းညွှန် မှာကြားပြီး ဝန်ထမ်းများအား အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့စာတိုက်လုပ်ငန်း၊ ရန်ကုန်စာတိုက်ကြီးသို့ ရောက်ရှိပြီး ချောစာ၊ ချောထုပ် လက်ခံထုပ်ပိုးမှု၊ သယ်ယူ ဖြန့်ဝေရေးနှင့် ချောစာ၊ ချောထုပ်များ လက်ခံရာတွင် သေချာစွာ စစ်ဆေးရှာဖွေရေး လုပ်ငန်းစဉ်များကို ကြည့်ရှု စစ်ဆေးပြီးနောက် ဝန်ထမ်းများအား လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သံလျင်မြို့နယ်ရှိ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ ရောက်ရှိလာရာ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုကြပါသည်။ တက္ကသိုလ်၏ အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်က ယခုပညာသင်နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများ တက်ရောက် ပညာသင်ကြားနေမှုအခြေအနေ၊ ကျောင်းဆောင်များ၊ သရုပ်ပြခန်းများ၊ စာကြည့်တိုက်နှင့် အားကစားဆိုင်ရာ တည်ဆောက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကျောင်းဆောင်များ စနစ်တကျနှင့် သန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ လုံခြုံရေးနှင့် ဝန်ထမ်းများသက်သာချောင်ချိရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စများအား စာသင်ခန်းများတွင် နည်းပြဆရာများ သင်ကြားမှု ပိုမိုအဆင်ပြေ ချောမွေ့အောင် စီစဉ်ပေးစေရေး၊ သင်ထောက်ကူပစ္စည်း လိုအပ်သလို ဖြည့်ဆည်းပေးရေး၊ စာသင်ခန်းများ အလင်းရောင် ပိုမိုရရှိရေး၊ ဘာသာရပ်အလိုက် သက်ဆိုင်သည့်ဌာနများမှ ကျွမ်းကျင်သူများကို ဖိတ်ခေါ်၍ အချိန်ပိုင်း သင်ကြားပို့ချနိုင်ရန်  ညှိနှိုင်းရေး လိုအပ်ချက်များကို မှာကြားပြီး ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းသူ/ ကျောင်းသားများ စာသင်ကြားနေမှုအခြေအနေ၊ ကျောင်းဝင်း အတွင်း သန့်ရှင်းသပ်ရပ်မှုအခြေအနေ၊ ရေယာဉ်အမြန်နှုန်း တိုင်းတာတွက်ချက်သည့် Towing Test Tank လက်တွေ့ဆောင်ရွက်မှုအခြေအနေ၊ စာကြည့်တိုက် ရွှေ့ပြောင်းပြီးစီးမှုအခြေအနေ၊ တက္ကသိုလ် ဝင်းအတွင်း ပလက်ဖောင်းပြုပြင်မှု အခြေအနေနှင့်  ဘောလုံးကွင်းနှင့် ဘတ်စကက်ဘောကွင်းများ တည်ဆောက်ပြီးစီးမှု အခြေအနေတို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန