ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဒလသင်္ဘောကျင်းနှင့် ဒဂုံဆိပ်ကမ်း သင်္ဘောကျင်း၏ လုပ်ငန်းများကြည့်ရှု စစ်ဆေး

( ၁၀ - ၉ - ၂၀၂၂ )

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် စက်တင်ဘာလ(၁၀)ရက်နေ့တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဒလသင်္ဘောကျင်းနှင့် ဒဂုံ ဆိပ်ကမ်းသင်္ဘောကျင်းတို့ထံ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှု စစ်ဆေး ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများလိုက်ပါ၍ နံနက်ပိုင်းတွင် ဆူးလေဆိပ်ကမ်းမှ ရေယာဉ်ဖြင့် ထွက်ခွာလာရာ ဒလသင်္ဘောကျင်းသို့ ရောက်ရှိပြီး ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးအား ဒလသင်္ဘောကျင်း၊ အစည်းအဝေးခန်းမ၌ ဒလသင်္ဘောကျင်း၊ အင်ဂျင်နီယာမှူးကြီးက ရေယာဉ်များ လွန်းတင်ပြင်ဆင်နေမှုအခြေအနေ၊ ဒလသင်္ဘောကျင်းရှိ သက်တမ်း ကြာမြင့်နေပြီး ဖျက်သိမ်းသင့်သည့် သံရည်ကျို အလုပ်ရုံ၊ ပန်းပဲအလုပ်ရုံ၊ ကျောက်မီးသွေးဂိုဒေါင်တို့အား လုပ်ထုံးလုပ်နည်းနှင့်အညီ ဖျက်သိမ်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဒလသင်္ဘောကျင်း ရှေးဟောင်း အဆောက်အဦ(ဒီဇယ်ရုံ)၏ အမိုးများ ပြင်ဆင်ပြီးစီးမှုနှင့် ဆေးသုတ် ပြုပြင်ထားမှုအခြေအနေ၊ သင်္ဘောကျင်းဝန်းအတွင်း ရေစီးရေလာကောင်းမွန်စေရေး၊  ရေနှုတ်မြောင်းများ ပြုပြင်ခြင်းနှင့် သန့်ရှင်းရေး ဆောင်ရွက်ထားမှု အခြေအနေများအား ရှင်းလင်း တင်ပြပါသည်။ ပြည်ထောင်စုဝန်ကြီးက ဒလသင်္ဘောကျင်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ သင်္ဘောကျင်းဝန်းအတွင်း ပတ်လမ်းများ၊ လွန်းလမ်းများ အစဉ်သန့်ရှင်း သပ်ရပ်မှုရှိအောင် ဆောင်ရွက်ထားရန်၊ ပုံမှန်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီး လက်ရှိ အခြေအနေထက် ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ထားရန် မှာကြားပြီး လုပ်ငန်းဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒလသင်္ဘောကျင်းမှ ဗိုလ်တစ်ထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ဆက်လက်ထွက်ခွာခဲ့ရာ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ပူးတွဲ)နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြ ပါသည်။ ထို့နောက် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံ ရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရေယာဉ်များ စစ်ဆေးရာတွင် လုံခြုံစိတ်ချမှု(Safety) ကို ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ရေယာဉ် မှတ်ပုံတင်များ ဆောင်ရွက်ပေးရန်၊ အလားတူရေယာဉ်များတွင် တာဝန်ထမ်းဆောင်သည့် ကုန်းပတ်နှင့် အင်ဂျင်နီယာ ဝန်ထမ်းများ၏ အဆင့်အလိုက် ကျွမ်းကျင်မှုလက်မှတ်များကို စနစ်တကျ စစ်ဆေးပြီး အရည်အချင်းပြည့်မီမှ ထုတ်ပေးရန်၊ ဌာနအနေဖြင့် သင်္ဘောသားကျွမ်းကျင် သင်တန်းကျောင်းများ၏ သင်ကြားရေးအပိုင်း၊ စာမေးပွဲစစ်ဆေးရေး အပိုင်းများတွင် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO)၏ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ/မရှိကို ပုံမှန်စစ်ဆေးမှု ပြုလုပ်သွားရန်၊ ထိုသို့ ဆောင်ရွက်ရာတွင် ဌာနရှိ အရာထမ်း/ အမှုထမ်းများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် မိမိတို့ ကျင့်သုံး လိုက်နာရသော ဥပဒေ၊ နည်းဥပဒေနှင့် သက်ဆိုင်ရာဘာသာရပ်များကို ကျွမ်းကျွမ်းကျင်ကျင်နှင့် ကိုင်တွယ် ဆောင်ရွက်နိုင်သူများ ဖြစ်အောင် အစဉ်လေ့လာ ဆည်းပူးနေကြ ရန်၊ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ အောင်မြင်အောင် အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် တက်ညီလက်ညီဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန်၊ လုပ်ငန်း ဆောင်ရွက်မှု အပိုင်းတွင်  အဆင့်အတန်းအားလုံး ပွင့်လင်းမြင်သာမှု ရှိအောင် ဆောင်ရွက်ကြရန်၊ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)များ ပုံမှန်ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ၏ ကျန်းမာရေးနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော SOP များနှင့်အညီ ရုံးဌာနများတွင် လိုက်နာကျင့်သုံးရေး အဆင့်အလိုက် ကြပ်မတ် ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေ့လယ်ပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းသို့ ရောက်ရှိပြီး သင်္ဘောကျင်းစက်ရုံ အလုပ်ရုံများ၊ ရေယာဉ်များ လွန်းတင်ပြင်ဆင်နေမှုအခြေအနေ၊ အသစ်တည်ဆောက်ပြီးစီးသော Liquid  Oxygen စက်ရုံ၏ အောက်ဆီဂျင်ထုတ်လုပ် ဖြန့်ဖြူးမှုအခြေအနေ၊ ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက သင်္ဘောလွန်းကျင်းစံချိန်စံညွှန်း (Yard Standard) နှင့်အညီ တည်ဆောက်ပြုပြင်ကြရန်နှင့် စီးပွားရေးအရ တွက်ခြေကိုက်သည့် သင်္ဘောကျင်းအဖြစ် ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန