ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့မီးရထားနှင့်ဆိပ်ကမ်းများအား ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းကြည့်ရှုစစ်ဆေး

၂၀၂၁ ခုနှစ်၊ မေလ (၃၁) ရက်

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ မေလ(၃၀)ရက်နေ့တွင် မြန်မာ့မီးရထား၊ ဒီဇယ်စက်ခေါင်းစက်ရုံ (အင်းစိန်)၊ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၊ ဒီဇယ်စက်ခေါင်းစက်ရုံ (မလွှကုန်း)နှင့် သီလဝါဆိပ်ကမ်းဒေသရှိ ဆိပ်ကမ်းတံတားများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၀၇၄၅)နာရီအချိန် မော်တော်ယာဉ်များဖြင့် မြန်မာ့မီးရထား၊ ဒီဇယ်စက်ခေါင်းစက်ရုံ(အင်းစိန်)သို့ ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁)နှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ စက်ရုံခန်းမဆောင်တွင် ပြည်ထောင်စုဝန်ကြီးသည် ဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများဖြင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံချိန်တွင် ဒီဇယ်စက်ခေါင်းစက်ရုံ(အင်းစိန်)မှ ခေတ္တစက်ရုံမှူးက စက်ရုံနှင့် ပတ်သက်သော အချက်အလက်များ၊ ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းများ၊ ပြုပြင်ပေးသော စက်ခေါင်းအမျိုးအစားများ၊ အခြားစက်ပစ္စည်းများ ပြုပြင်ဆောင်ရွက်မှု၊ အရံပစ္စည်းထုတ်လုပ်မှုနှင့် ဝန်ထမ်းသက်သာ ချောင်ချိရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစေရေး ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များ မေးမြန်း၍ လိုအပ်သည်များ လမ်းညွှန်ခဲ့ပါသည်။ တွေ့ဆုံချိန်တွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့မီးရထားတွင် COVID-19 မတိုင်မီကာလ မီးရထားပြေးဆွဲမှုအခြေအနေ၊ COVID-19 ကာလတွင် ပြေးဆွဲနိုင်မှု၊ ယခုနောက်ပိုင်းကာလတွင် မြန်မာ့မီးရထားမှ အရာထမ်း၊ အမှုထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည်၊ မန္တလေး-မြစ်ကြီးနား စသည့် အဓိကလမ်းပိုင်း(၄)ခုတွင် ရထားများ ပြန်လည်ပြေးဆွဲနိုင်ခဲ့မှုများနှင့် ပတ်သက်၍ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအပေါ် အသိအမှတ်ပြုပါကြောင်း၊ ကျန်ရှိသည့် လမ်းပိုင်းများတွင် ရထားများ ပြေးဆွဲနိုင်ရေး ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် ဝန်ထမ်း သက်သာချောင်ချိရေး ကိစ္စရပ်များ၊ ဘူတာ၊ စက်ရုံ၊ မိမိပတ်ဝန်းကျင်နေရာများ သန့်ရှင်း သပ်ယပ်မှု ရှိစေရေး ဆောင်ရွက်ကြရန် လိုကြောင်းနှင့် မိမိဌာန ကောင်းမွန် တိုးတက်စေရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး စက်ရုံမှ ဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်းစိန် စက်ခေါင်းစက်ရုံ အတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းပြသခဲ့မှုများအပေါ် လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၁)၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ မော်တော်ယာဉ်များဖြင့် အင်းစိန်ဘူတာသို့ (၀၉၃၀)အချိန် ရောက်ရှိပြီး အင်းစိန်ဘူတာအတွင်း ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ထို့နောက်(၀၉၄၀)အချိန်တွင် RBE အထူးရထားဖြင့် အင်းစိန်ဘူတာမှ ရန်ကုန် ဘူတာကြီးအထိ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ လမ်းပိုင်းစစ်ဆေးချိန်တွင် မင်္ဂလာဒုံဘူတာ ရောက်ရှိချိန်၌ ဘူတာ ပြုပြင်တည်ဆောက်ထားမှုအား တာဝန်ရှိသူများ၏ ရှင်းလင်းပြသခဲ့မှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။

          ထို့နောက် ရန်ကုန်ဘူတာကြီးမှ မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာရာ စက်ခေါင်းစက်ရုံ (မလွှကုန်း)သို့ ရောက်ရှိချိန် စက်ရုံအစည်းအဝေးခန်းမတွင် အရာထမ်း၊ အမှုထမ်းများဖြင့် တွေ့ဆုံခဲ့ပါ သည်။ တွေ့ဆုံချိန်တွင် တိုင်းအမှတ်(၇)ရန်ကုန်မှ လက်ထောက်အထွေထွေမန်နေဂျာ (စက်မှု)က စက်ရုံနှင့် ပတ်သက်သည့် အချက်အလက်များ လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေ၊ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ပေးရန် ကိစ္စရပ်များနှင့် ပတ်သက်၍ တာဝန်ရှိသူများကို လမ်းညွှန် မှာကြားခဲ့ပြီး စက်ရုံဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မလွှကုန်း စက်ခေါင်းစက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်း ပြသခဲ့မှုများအပေါ် လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ သီလဝါဆိပ်ကမ်း ဒေသရှိ မြတ်မေတ္တာမွန် စက်သုံးဆီ ဆိပ်ကမ်းတံတား၊ Myanmar International Terminal Thilawa (MITT) ဆိပ်ကမ်းတံတား၊ Myanmar CNTIC VPower(MCV)LNG ဆိပ်ကမ်းတံတား၊ Wilmar ကောက်ပဲ သီးနှံနှင့် စားသုံးဆီဆိပ်ကမ်းတံတား၊ ပိတောက်ရွှေဝါ စက်သုံးဆီဆိပ်ကမ်းတံတား၊ Thilawa Multipurpose International Terminal (TMIT) ဆိပ်ကမ်းတံတားများနှင့် ဆက်စပ်လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာတွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြပြီး လုပ်ငန်းခွင်များကို လိုက်လံ ပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန