နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် စစ်တွေမြို့အတွင်းရှိ အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်မှုနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှုတို့ကို လိုက်လံကြည့်ရှုအားပေး၊ နိကာယ်စာမေးပွဲ ကြီးကြပ်ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၊ သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

စစ်တွေ   ဇွန်   ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့အတွင်းရှိ အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်မှုနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှုတို့ကို လိုက်လံကြည့်ရှုအားပေးသည်။

ဦးစွာ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် စစ်တွေမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှု၊ နိုင်ငံတော်က အခမဲ့ ထောက်ပံ့ပေးသည့် ကျောင်းဝတ်စုံ၊ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ခဲတံ၊ ဘောပင်များ ရရှိမှု၊ စာသင်ဆောင်၊ စာသင်ခန်း၊ စားပွဲ၊ ကုလားထိုင်နှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံ လုံလောက်မှု ရှိ/မရှိ အခြေအနေ၊ ဆရာနှင့် ကျောင်းသား အချိုး မျှတမှု ရှိ/ မရှိ အခြေအနေနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျောင်းကျန်းမာရေးလှုပ်ရှားဆောင်ရွက်မှု အခြေအနေတို့ကို လိုက်လံ ကြည့်ရှုမေးမြန်းပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်တော်သာရပ်ကွက်ရှိ အမှတ်(၁၅) အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် ကျောင်းတက်လမ်းရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းတို့သို့ သွားရောက်ပြီး စာသင်ခန်းများအတွင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှု၊ စာသင်ဆောင်၊ စာသင်ခန်းများ၏ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် သန့်ရှင်းသပ်ရပ်မှု အခြေအနေများကို ကြည့်ရှုကာ (KG)တန်း၌ တက်ရောက်နေသည့် ကျောင်းသားကလေးငယ်များကို ကျောပိုးအိတ်များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် စစ်တွေမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် စစ်တွေတပ်နယ်ရှိ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်ပြီး ကျောင်းအပ်လက်ခံနေမှု၊ ကျောင်းသားကျောင်းသူများ ကျောင်းတက်ရောက်မှု၊ ပညာသင်ကြားသင်ယူမှုနှင့် သင်ကြားရေးအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ရရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ အတန်းငယ် ကလေးများအတွက် ကျောပိုးအိတ်များကို ထောက်ပံ့ပေးအပ်၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

အဆိုပါ ကျောင်းများသို့ ရောက်ရှိစဉ် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိုင်ငံတော်အစိုးရ အနေဖြင့် မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများကို ပုံမှန်ကျောင်းဖွင့်ချိန်အမီ ဖွင့်လှစ်နိုင်ရန် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံး စာသင်ကျောင်းများ၌ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြား စေလိုကြောင်း၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ စာသင်ဆောင်၊ စာသင်ခန်းနှင့် ကျောင်းအတွင်းအပြင် သန့်ရှင်းသာယာရေးအတွက်လည်း အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုကြောင်းနှင့် လိုအပ်သည်များကိုလည်း ဆက်လက် ဖြည့်ဆည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် လောကာ နန္ဒာစေတီတော်မြတ်ကြီး သို့ရောက်ရှိပြီး စစ်တွေမြို့နယ် သံဃနာယကအဖွဲ့က ဦးဆောင်ကျင်းပသည့် အကြိမ် (၃၀)မြောက် နိကာယ်စာမေးပွဲ ကြီးကြပ်ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကြသည်။

ရှေးဦးစွာ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် စစ်တွေမြို့ ပြည်နယ်ဩဝါဒါစရိယ နန္ဒာရာမကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒသီရိ အမှူးပြုသော စာမေးပွဲကြီးကြပ် ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ စာဖြေသံဃာတော် ၄၅၃ ပါးအား  အချိုရည်များ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်တို့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြပြီး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန် ဖြင့် ဆောင်ရွက်သွားနိုင်ရေးနှင့် လုပ်ငန်းများ လျင်လျင်မြန်မြန် ပြီးစီးရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနသည် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းသင့်ဒေသများသို့ ကွင်းဆင်း၍ တိရစ္ဆာန် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ဆေးကုသမှုလုပ်ငန်းများကို မေ ၂၁ ရက်မှ မေ ၃၀ ရက်အထိ  ဆောင်ရွက်ခဲ့ရာ ကျောက်တော်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များအတွင်းရှိ ရပ်ကွက်/ကျေးရွာ (၃၄) ရွာနှင့် တပ်ရင်း တပ်ဖွဲ့(၆)ခုမှ ကျွဲ၊ နွား ၃၁၅၈ ကောင်ကို လည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးများထိုးနှံခြင်း၊ ဝက်အကောင် ၆၀ ကို ဝက်ပလိပ်ရောဂါနှင့် ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးများထိုးနှံခြင်း၊ ထိခိုက်ဒဏ်ရာနှင့် နာမကျန်းဖြစ်ပွားသည့် ကျွဲ၊ နွား ၃၂၇ ကောင်၊ ဝက် ၆၇ ကောင်နှင့် ဆိတ် ၁၀ ကောင်တို့ကို ဆေးကုသမှုပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်တို့သို့ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ၁၃ မျိုးပါ တိရစ္ဆာန်ရောဂါ ကုသဆေးများ ထောက်ပံ့ပေးခြင်းနှင့် ရသေ့တောင်မြို့နယ် ခနောင်ကြီးကျေးရွာ၌ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်ရှိ အခြေခံပညာ ကျောင်းများအားလုံး ယနေ့ တွင် တစ်ပြိုင်တည်း ဖွင့်လှစ်နိုင်ခဲ့ကြောင်းနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်(စစ်တွေ)၌ ပထမနှစ်မှ ပဉ္စမနှစ်အထိ သင်တန်းများ၊ ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)၌ ပထမနှစ်မှ စတုတ္ထနှစ်အထိ သင်တန်းများ၊ အစိုးရ နည်းပညာအထက်တန်းကျောင်း(စစ်တွေ)၌ ပထမနှစ်(စက်မှု၊ စိုက်ပျိုး၊ မွေးမြူ) ပူးပေါင်း ဖွင့်လှစ်သော သင်တန်း၊ ဒုတိယနှစ်(ပုံမှန်) သင်တန်းများနှင့် ပညာရေးဝန်ကြီးဌာန အောက်ရှိ စစ်တွေတက္ကသိုလ်၌ ပထမနှစ်မှ စတုတ္ထနှစ်အထိ သင်တန်းများကို စတင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။