နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့ စစ်တွေ တက္ကသိုလ်ဝန်းအတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေခံပြည်သူ လူထုတို့၏ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများ သွားရောက် ကြည့်ရှုအားပေး

စစ်တွေ ဇွန် ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ  ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင် ဦးဆောင်သည့် အဖွဲ့အား ယနေ့ နံနက် ၇ နာရီခွဲတွင်  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များ၊ စာရေရိက္ခာ စနစ်တကျ ဖြန့်ခွဲပေးလျက်ရှိသည့် အခြေအနေများ၊ မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်း မိခင်နှင့်ကလေး ကျန်းမာရေးအတွက် အကူအညီဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ကူညီ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်နှင့် ဒေါက်တာသက်သက်ခိုင်၊  ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ စစ်တွေတက္ကသိုလ် သို့ ရောက်ရှိပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေခံပြည်သူလူထုတို့၏  ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုအားပေးရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်တို့က လိုက်လံရှင်းလင်းပြသကြသည်။

ထိုသို့ ကြည့်ရှုအားပေးနေစဉ်အတွင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းက လူ၊ စက်ယန္တရားများ အသုံးပြု၍ ဦးစားပေးအဆင့်အတန်းသတ်မှတ်ကာ တက္ကသိုလ်ဝန်းအတွင်း သန့်ရှင်း သာယာ လှပရေး ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး တက္ကသိုလ် အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ မိုးတွင်းကာလဖြစ်သဖြင့် တက္ကသိုလ်ဝန်းအတွင်း ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများတူးဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် စစ်တွေမြို့နယ် ကြက်ကိုင်းတန်ကျေးရွာ၊ စန္ဒာရာမ ပရိယတ္တိကျောင်းတိုက်ဓမ္မာရုံ၌ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများက မုန်တိုင်းဒဏ်သင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက် ပေးနေမှုများနှင့် ဆေးကုသမှုခံယူနေကြသူများကို ကြည့်ရှုအားပေးရာ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး အထူးကုဆရာဝန်ကြီးများနှင့် ဆေးကုသမှုခံယူလျက်ရှိသည့် ပြည်သူလူထုအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ စန္ဒာရာမပရိယတ္တိကျောင်းတိုက်ဓမ္မာရုံ၌ သားဖွားမီးယပ်၊ နား၊ နှာခေါင်း လည်ချောင်း၊ အရိုး၊ ခွဲစိတ်၊ အရေပြား၊ စိတ်ရောဂါ၊ မျက်စိ၊ သွားနှင့်ခံတွင်း၊ ကလေးနှင့် အထွေထွေရောဂါများကို ကုသပေးလျက်ရှိပြီး မြန်မာ့တိုင်းရင်းဆေးများဖြင့်လည်း ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ သွားရောက်ကြည့်ရှုအားပေးစဉ်အတွင်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ဒုတိယဝန်ကြီးများနှင့်အတူ စစ်တွေမြို့နယ် ရွှေမင်းဂံဆိပ်ကမ်းသို့ ရောက်ရှိကြပြီး မိုခါ မုန်တိုင်းဒဏ်ကြောင့် ပြိုလဲခဲ့သည့် သစ်ပင်များမှ သစ်မြစ်ဆုံများကို ပန်းပုအတတ်ပညာဖြင့် တန်းဖိုးမြှင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်ရန် CHARITES သင်္ဘောအပြန်ခရီး၌ ရန်ကုန်ဆိပ်ကမ်း သို့ တင်ပို့သွားမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည် များ မှာကြားခဲ့ပါသည်။

ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ဆက်သွယ်ရေး အော်ပရေတာများ ဖြစ်ကြသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ MyTel ၊ Atom Myanmar နှင့် Ooredoo Myanmar မှ တာဝန်ရှိသူများအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မိုခါမုန်းတိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးစနစ်များ ထိခိုက်ပျက်စီးခဲ့မှုများကို အချိန်တိုအတွင်း ရာနှုန်းပြည့်နီးပါး ပြန်လည် ကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက်နိုင်ခဲ့မှု၊ ထိုသို့ ပြန်လည်ပြင်ဆင်ရာတွင် မုန်တိုင်းဒဏ် ခံနိုင်သည့် မူလအနေအထားထက် ပိုမိုကောင်းမွန်သော နည်းပညာ၊ စက်ပစ္စည်း၊  အစားထိုးတပ်ဆင်ပေးရန်လိုအပ်မှု၊ အော်ပရေတာများက မုန်တိုင်းသင့်ဒေသများ၌ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးနှင့် လူမှုရေးစသည့် ကဏ္ဍများတွင် Corporate Social Responsibility–CSR အစီအစဉ်ဖြင့် WiFi၊  Internet စနစ်များကို အခမဲ့တပ်ဆင်၍ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှုများနှင့် မုန်တိုင်းဒဏ်သင့်ဒေသများအတွင်း ဆက်သွယ်ရေးကောင်းမွန်စေရန် အချိန်တိုအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့မှုများအတွက် အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။