နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးလူမွန်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါပြီး ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့အတွင်းရှိ ဆက်သွယ်ရေးအခြေခံ အဆောက်အအုံများနှင့် ဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာ့သင်္ဘောကျင်း၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တိုင်းဒေသကြီးမန်နေဂျာရုံးသို့ရောက်ရှိပြီး တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ရုံးနယ်မြေအတွင်းရှိ ဟံသာဝတီနန်းမြို့ရိုးဟောင်းနှင့် မလွတ်ကင်းသည့် ဌာနပိုင်အဆောက်အဦနှင့် မြေနေရာတို့အား ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးအော်တိုအိတ်ချိန်းရုံးသို့ ရောက်ရှိပြီး အော်တိုအိတ်ချိန်း၊ မိုဘိုင်းစခန်းနှင့် မိုက္ကရိုဝေ့ဗ်စခန်းများရှိ ဆက်သွယ်ရေးစက်ပစ္စည်းများ တပ်ဆင်ထားရှိမှု အခြေအနေနှင့် အဆိုပါစခန်းများရှိ စက်ပစ္စည်းများ ရေလွှမ်းမိုးမှု သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်နေသည့်အစီအမံများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ အစဉ်အမြဲကောင်းမွန်နေစေရေး၊ ဆက်သွယ်ရေးဆက်ကြောင်းများ ပြတ်တောက်မှုမရှိစေရေးနှင့် အရန်ဆက်ကြောင်းများ အရန်သင့်ဖြစ်နေစေရေးစသည့် အထူးအလေးထားဆောင်ရွက်ရန်ကိစ္စများကို လမ်းညွှန်မှာကြားသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ကမ်းနားလမ်းရှိ မြန်မာအမျိုးသားလေကြောင်းရုံးချုပ်သို့ ရောက်ရှိပြီး Board of Directors အဖွဲ့ဖြင့် တွေ့ဆုံဆွေးနွေးသည်။ ထိုသို့ဆွေးနွေးရာတွင် လေကြောင်းလိုင်းဘေးအန္တရာယ်ကင်းရှင်းရေး၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိရေး၊ ဝန်ဆောင်မှုကောင်းမွန်ရေး၊ ချိုးခြံချွေတာရေးကို အလေးထားရန်၊ ထို့အပြင် မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် နိုင်ငံပိုင်အလံတင်လေကြောင်းလိုင်း (Flag Carrier Airline) ဖြစ်သဖြင့် ရေရှည်အောင်မြင်စွာဖြင့် ရပ်တည်နိုင်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
မေလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ နည်းပညာဌာနကြီး၊ ဟံသာဝတီရုံးသို့ရောက်ရှိရာ KDDI Sumitomo Corporation အဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။ ယင်းနောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအောက်ရှိ တာဝန်ရှိသူများနှင့်လည်း ဆက်လက်တွေ့ဆုံရာ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာမှအသုံးပြုနေကြသည့် ခေတ်မီနည်းပညာများကို လေ့လာ၍ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်၊ ယှဉ်ပြိုင်ဆောင်ရွက်နေရသည့် တယ်လီကွန်း ဈေးကွက်အတွင်း သုံးစွဲသူများ၏ လိုအပ်ချက်နှင့်အညီ ဈေးကွက်ပိုမိုရရှိစေရန် ထိုးဖောက်ဆောင်ရွက်သွားရန်၊ ဝင်ငွေ တိုးတက်ရရှိနိုင်မည့် နည်းလမ်းများကို ရှာဖွေကြံဆဆောင်ရွက်၍ အသုံးစရိတ်များ လျှော့ချသွားရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို သုံးစွဲခြင်းနည်းလမ်းအားဖြင့် စွမ်းအင်သုံးစွဲမှုကို နေရာဒေသအလိုက် ကုန်ကျစရိတ်သက်သာသည့် နည်းလမ်းများရှာဖွေ၍ ဆောင်ရွက်သွားရန်စသည်တို့ကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူးက မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ ရေယာဉ်များတည်ဆောက်ခြင်း၊ ရေယာဉ်များပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ကမ်းရိုးတန်းသွား ကုန်သွယ်ရေယာဉ်တည်ဆောက်ခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စ နှင့်စပ်လျဉ်း၍ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဆောလျင်စွာ လုပ်ငန်းစတင်နိုင်ရေးနှင့် ဝန်ကြီးဌာနရှိ ဆက်စပ်ဌာန အဖွဲ့အစည်းများမှလည်း မြန်မာ့သင်္ဘောကျင်း၏ လိုအပ်ချက်များအပေါ် ကူညီပံ့ပိုးပေးရန် မှာကြားသည်။
ဆက်လက်၍ တန်ချိန်-၁၂၀၀၀ ရေလုံလွန်းကျင်း၌ ရေယာဉ်နှစ်စီး လွန်းတင်ထားရှိမှုနှင့် လွန်းကျင်းအနီးရှိ ရေယာဉ်တည်ဆောက်နိုင်သည့် အမာခံလွင်ပြင်တွင် မြေပြုပြင်မှုအခြေအနေများ၊ လွန်းတင်လွန်းချအလုပ်ရုံမှ ရေယာဉ်ပြုပြင်ခြင်း လုပ်ငန်းခွင်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘဏ္ဍာငွေ တိုးတက်ရှာဖွေရေး အလေးထားဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန